Border News Agency
အိန္ဒိယ၊မေ ၂၉။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံ ကန့်ကွက်လွှာ ပေးပို့လိုက်ပါတယ်။
အဲဒီကန့်ကွက်ကြောင်းသဝဏ်လွှာကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကနေတဆင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဆီ မေလ ၂၇ ရက်နေ့မှာပေးပို့ခဲ့တာဖြစ်ပြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အပေါ် မြန်မာပြည်သူတွေအနေနဲ့ များစွာစိုးရိမ်ပူပန်မိကြောင်း အသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကမတရားအာဏာလုယူခဲ့ပြီးကတည်းက ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကြီးမားတဲ့ဒုက္ခတွေကို ပြည်သူတွေ ရင်ဆိုင်နေရတာပါ။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးအရ တရားဝင်မှုပေးသလိုဖြစ်စေမယ့် ဘယ်လိုထိတွေ့ဆက်ဆံမှုမျိုးကိုမဆို မလုပ်ဖို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ရဲ့ တရားဝင်မှုကို ကျော်လွန်လို့မရနိုင်သလို စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ပုံဖော်ပေးမယ့် စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုလည်း မထောက်ခံဖို့ အိန္ဒိယနိုင်ငံကို တိုက်တွန်းထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ အဓမ္မအာဏာလုယူထားတဲ့ စံနမူနာဆိုးကို အားမပေးဘဲ စစ်အာဏာရှင်စနစ်ကိုပုံမှန်လိုမျိုးဖြစ်သွားစေမယ့် ထိတွေ့ဆက်ဆံမှုတွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို သေချာစဉ်းစားချင့်ချိန်ပေးဖို့မေတ္တာရပ်ခံထားတာပါ။
အဲဒီနှစ်နိုင်ငံကြား ရေရှည်ချစ်ကြည်ရေးဟာ နိုင်ငံအချင်းချင်းထက် ပြည်သူအချင်းချင်းကြားက သံယောဇဉ်၊ဒီမိုကရေစီတန်ဖိုးတွေနဲ့ ပြည်သူ့ဆန္ဒအပေါ် လေးစားမှုတွေနဲ့သာ အကောင်းဆုံး တည်ဆောက်နိုင်မယ်လို့ NUG က ဆိုပါတယ်။
ဒါကြောင့် အိန္ဒိယအနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကိုအလေးထားတဲ့ နည်းလမ်းနဲ့ပဲ ထိတွေ့ဆက်ဆံပေးဖို့နဲ့ အနာဂတ် ရေရှည်မိတ်ဖက်ပြုမှု ခိုင်မာစေဖို့အတွက် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ တောင်းဆိုထားပါတယ်။






