Border News Agency
မောင်တော၊ နိုဝင်ဘာ ၂၂။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်အပေါ် သဘောထားထုတ်ပြန်ရာမှာ ရခိုင်ပြည်ရှိ အဓိကအာဏာပိုင်အဖြစ်ရပ်တည်နေတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က နိုဝင်ဘာလ ၂၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား အမှုနဲ့ပတ်သက်ပြီး ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်ကို SCEF အနေနဲ့ အလေးအနက်ထားသလို ဒီစီရင်ချက်ဟာ နိုင်ငံတကာ တရားစီရင်ရေးမှာ သမိုင်းဝင်မှတ်တိုင်တရပ် ဖြစ်တယ်လို့လည်း ရှုမြင်ထားပါတယ်။
တရားမျှတမှု၊တာဝန်ယူမှုနဲ့ တာဝန်ခံမှု ဖော်ဆောင်ရေးကိုမြှင့်တင်နိုင်ဖို့ တရားရုံးရဲ့ တွေ့ရှိချက်တွေနဲ့ နောက်ဆက်တွဲ ထွက်ပေါ်လာနိုင်တဲ့အမိန့်တွေကို ဆက်လက်လေ့လာသုံးသပ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ULA/AA အပါအဝင် ရခိုင်ပြည်ရှိ သက်ဆိုင်သူအားလုံး၊နိုင်ငံတကာ အသိုင်းအဝိုင်းတို့နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး အဖြေရှာရေးလုပ်ငန်းစဉ်တွေကို အတူတကွ ဖော်ဆောင်သွားမယ်လို့ဆိုပါတယ်။
မိမိတို့နိုင်ငံအတွင်း ဘယ်လူမှုအသိုက်အဝန်းမျှ လူ့ဂုဏ်သိက္ခာ၊ အခွင့်အရေးတွေနဲ့ ထိုက်တန်တဲ့ နေရာရပ်တည်ခွင့်တွေ ငြင်းပယ်မခံရတဲ့ အနာဂတ်တရပ်တည်ဆောက်ဖို့ အားလုံးမှာ ပူးတွဲတာဝန်ရှိတယ်လို့လည်း SCEF က ဆိုပါတယ်။








