အင်တာဗျူး
Border News Agency
မောင်တော၊ နိုဝင်ဘာ ၂၂။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းစေမှုကျူးလွန်ကြောင်း စီရင်ချက် ချမှတ်လိုက်ပြီးနောက် အာရက္ခဒေသမှာ ဒေသတည်ငြိမ်မှုမရသေးဘဲ သူတို့ကိုချက်ချင်းပြန်လည်လက်ခံရေးလုပ်ဆောင်ဖို့က လက်တွေ့မကျဘူးလို့ ရှုမြင်သုံးသပ်မှုတွေရှိနေပါတယ်။
ဒေသတွင်း စီးပွားရေး ကျပ်တည်းမှုတွေ၊ စားဝတ်နေရေးအခက်အခဲတွေနဲ့အတူ ဒေသမတည်ငြိမ်မှုတွေကြောင့် လူမှုပဋိပက္ခတွေ ထပ်မံပေါ်ပေါက်လာမှာကိုလည်း အာရက္ခပြည်သူတွေက စိုးရိမ်နေကြပါတယ်။
အဲဒီအကြောင်းတွေကို စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ လူငယ်အမျိုးသမီး မလှမေက Border News Agency ကို ပြောပြထားပါတယ်။
“နိုင်ငံတကာအဆင့်မှာဘယ်လိုပဲ ဆုံးဖြတ်ပါစေ။မြေပြင်မှာစစ်ဒဏ်ကို အလူးအလဲခံနေရတဲ့ အာရက္ခပြည်သူတွေရဲ့ ဘဝလုံခြုံရေး၊ စားဝတ်နေရေး အခက်အခဲတွေကို ပိုပြီး အာရုံစိုက်စေချင်ပါတယ်။စီရင်ချက်တွေက အပေါ်ယံနိုင်ငံရေးအရ ဖိအားပေးရုံလောက်ပဲဖြစ်နေမလားလို့ သံသယရှိပါတယ်။
လက်ရှိအချိန်မှာ ဒေသခံ ရခိုင်လူမျိုးတွေ ကိုယ်တိုင်တောင် စစ်ဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အစီအစဉ်တကျ ပြင်ဆင်မှု မရှိ၊ဒေသတည်ငြိမ်မှုမရသေးဘဲ ချက်ချင်း ပြန်လည်လက်ခံဖို့ကတော့ လက်တွေ့မကျသလို ဒေသခံတွေအတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပါတယ်။
နိုင်ငံရေးအရ တင်းမာမှုတွေ ပိုများလာနိုင်ပါတယ်။ အထူးသဖြင့် ဒေသခံတွေအကြား မလုံခြုံမှုစိတ်ခံစားချက်တွေ မြင့်တက်လာနိုင်ပြီး အပြန်အလှန် သံသယစိတ်တွေ ပိုမိုကြီးထွားလာနိုင်ပါတယ်။
တရားဝင် ဥပဒေထုတ်ပြန်ထားတာမျိုးထက် မြေပြင်အုပ်ချုပ်ရေးအဆင့်မှာ ပြဿနာမဖြစ်အောင် ထိန်းကျောင်းတဲ့ လုပ်ထုံးလုပ်နည်းတွေလောက်ပဲ တွေ့ရပါတယ်။အားလုံးပါဝင်တဲ့ ရေရှည်ဥပဒေတွေ ပေါ်ပေါက်ဖို့ကတော့ အချိန်ယူရဦးမှာပါ။
အလွန်စိုးရိမ်ပါတယ်။ ဒေသတွင်းမှာ အလုပ်အကိုင်ရှားပါးမှု၊ အငတ်ဘေးနဲ့ ကုန်စည်စီးဆင်းမှု ရပ်တန့်နေတဲ့ ဒဏ်တွေကြောင့် လူမှုစီးပွားဖိအားတွေကနေတဆင့် အုပ်စုဖွဲ့ ပဋိပက္ခတွေ ထပ်ဖြစ်လာမှာကို ကြောက်ရွံ့နေရပါတယ်။”






