Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၂၁။
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရဲ့ စီရင်ချက်အမိန့်ထွက်ပေါ်လာပြီးနောက်ပိုင်း အာရက္ခဒေသမှာ လူမျိုးရေးပဋိပက္ခတွေထပ်ဖြစ်လာမှာကို အာရက္ခပြည်သူတွေ စိုးရိမ်နေကြပါတယ်။
အာရက္ခဒေသမှာ စစ်ရေးပဋိပက္ခတွေအပြင် ကုန်စည်စီးဆင်းမှုရပ်တန့်နေတာ၊အလုပ်အကိုင်ရှားပါးတာနဲ့စားဝတ်နေရေး ကျပ်တည်းမှုတွေရှိနေချိန်မှာ ပြင်ပပယောဂတွေနဲ့တတိယအင်အား စုတွေရဲ့သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ပဋိပက္ခသစ်တွေ ပေါ်ပေါက်လာနိုင်ခြေရှိနေတယ်လို့ အာရက္ခပြည်သူတွေက ထောက်ပြကြပါတယ်။
“ဒေသတွင်းမှာအလုပ်အကိုင်ရှားပါးမှု၊ အငတ်ဘေးနဲ့ ကုန်စည်စီးဆင်းမှု ရပ်တန့်နေတဲ့ ဒဏ်တွေကြောင့် လူမှုစီးပွားဖိအားတွေကနေတစ်ဆင့် အုပ်စုဖွဲ့ ပဋိပက္ခတွေ ထပ်ဖြစ်လာမှာကို ကြောက်ရွံ့နေရပါတယ်။”လို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ လူငယ်အမျိုးသမီး မလှမေက Border News Agency ကိုပြောပါတယ်။
အဲဒီအပြင် ဒေသတွင်း သမိုင်းကြောင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ လူမှုရေးတင်းမာမှုတွေ မပြေပျောက်သေးချိန်မှာ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ သွေးခွဲလှုံ့ဆော်မှုတွေ၊ နိုင်ငံရေးအမြတ်ထုတ်မှုတွေ ရှိလာနိုင်တာကြောင့် အထူးသတိထား စောင့်ကြည့်နေရတယ်လို့ ဆိုကြပါတယ်။
“ပြင်ပပယောဂတွေ၊ တတိယအင်အားစုတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ပဋိပက္ခသစ်တွေ ဖြစ်လာနိုင်ခြေ အမြဲရှိနေတယ်လို့ မြင်ပါတယ်။ရခိုင်ပြည်သူတွေအနေနဲ့ သတိကြီးကြီးထားပြီး စည်းလုံးကြဖို့ လိုအပ်ပါတယ် ။”လို့ အာရက္ခဒေသမှရပ်မိရပ်ဖဦးကျော်ဇံ က Border News Agency ကိုပြောပါတယ်။
အဲဒီလိုတိုင်းပြည်မငြိမ်မသက်ဖြစ်ပြီး ဘက်ပေါင်းစုံ အကျပ်အတည်း ဆိုက်နေချိန်မှာ လူမျိုးရေးပဋိပက္ခတွေ ထပ်မဖြစ်ပွားစေဖို့ လက်ရှိနယ်မြေထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (ULA/AA) ရဲ့ လူမှုသဟဇာတဖြစ်ရေး မူဝါဒတွေနဲ့ ဒေသတွင်းအသိပညာပေးမှုတွေက အရေးပါနေတယ်လို့ ရခိုင်အရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
အဲဒီရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်စတဲ့မြို့နယ်တွေအပါအဝင်မြို့နယ် အများစုကို အာရက္ခတပ်တော်ထိန်းချုပ်ထားပါတယ်။






