Border News Agency
မဲဆောက်၊နိုဝင်ဘာ ၂၁။
ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့မှာ ကမ္ဘာ့ကလေးများနေ့ (World Children’s Day 2026) ကို ဂုဏ်ပြုတဲ့အနေနဲ့ ANCHOR အဖွဲ့က စီစဉ်ကျင်းပတဲ့ “ကမ္ဘာ့ကလေးများနေ့နှင့် ပြည်သူများ၏ အသံ” အခမ်းအနားကိုနိုဝင်ဘာလ ၂၀ ရက်၊မနေ့ညနေပိုင်းမှာပြုလုပ်ခဲ့ပါတယ်။
ကလေးသူငယ်တိုင်း လူမျိုး၊ ဘာသာနဲ့နောက်ခံအခြေအနေ မည်သို့ပင်ကွဲပြားခြားနားစေကာမူ တန်းတူညီမျှတဲ့ အခွင့်အရေးတွေပိုင်ဆိုင်ခွင့်ရှိကြောင်း အသိအမှတ်ပြုလေးစားဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။
အဲဒီအပြင်ကလေးငယ်တွေရဲ့ အသံကိုနားထောင်ပေးကာ သူတို့ရဲ့အိပ်မက်နဲ့မျှော်လင့်ချက်တွေကို အတူတကွတန်ဖိုးထားဂုဏ်ပြုဖို့လည်း ရည်ရွယ်တယ်လို့ဆိုပါတယ်။
အခမ်းအနားမှာ ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်စောင့်ရှောက်ရေးနဲ့ တန်းတူညီမျှရေးဆိုင်ရာကိစ္စရပ်တွေအပေါ် အသိပညာပေး ဟောပြောတာတွေနဲ့ တက်ရောက်လာသူတွေ စုပေါင်းဆွေးနွေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။







































