Border News Agency
ဘူးသီးတောင်၊ နိုဝင်ဘာ ၂၀။
မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် တသောင်းကို စနစ်ကျတဲ့ ကျွမ်းကျင်မှုသင်တန်းတွေပေးပြီး တူရကီနိုင်ငံမှာ ပြန်လည်နေရာချထားမယ့်အစီအစဉ်ကို ကက်ဘိနက်က သဘောတူလိုက်ပြီလို့ မလေးရှား ဒုတိယဝန်ကြီးချုပ် အာမက် ဇာဟစ် ဟာမီဒီက နိုဝင်ဘာ လ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတူရကီသမ္မတနိုင်ငံသို့ သွားရောက်ခဲ့တဲ့ တရားဝင်ခရီးစဉ်အပြီး တင်ပြခဲ့တဲ့အဆိုပြုချက်ကို ကက်ဘိနက်က အတည်ပြုခဲ့တာဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည် တသောင်းကို လက်ခံဖို့ တူရကီအစိုးရရဲ့ သဘောတူညီချက်ဟာ ရေရှည်ဖြေရှင်းနိုင်ဖို့ အလွန်အပြုသဘောဆောင်တဲ့ တိုးတက်မှုတခု ဖြစ်တယ်လို့ သူကပြောပါတယ်။
အဲဒီဒုက္ခသည်တွေကို တတိယနိုင်ငံဆီ ပို့ဆောင်လိုက်ရုံသက်သက်မဟုတ်ဘဲ တူရကီနိုင်ငံရှိ စက်မှုလုပ်ငန်းတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် သုံးလကနေ ခြောက်လထိ ကြာမြင့်မယ့်အသက်မွေးဝမ်းကျောင်းနဲ့ နည်းပညာသင်တန်းတွေကနေတဆင့် ဘဝသစ်ထူထောင်နိုင်မယ့်အခွင့်အလမ်းကို ဖန်တီးပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းတွေကတဆင့် လက်တွေ့ကျွမ်းကျင်မှုနဲ့ အလုပ်အကိုင်ဆိုင်ရာ အရည်အချင်းတွေ ရရှိမှာဖြစ်ပြီး တူရကီနိုင်ငံရဲ့ ဥပဒေစည်းမျဉ်းတွေနဲ့အညီ အလုပ်သမားဈေးကွက်ထဲ ဝင်ရောက်ကာ လက်ခံတဲ့နိုင်ငံရဲ့ စီးပွားရေးအတွက် အကျိုးပြုနိုင်မယ့် အခွင့်အလမ်းတွေပွင့်လင်းလာမှာ ဖြစ်ပါတယ်။
အဲဒီလုပ်ဆောင်ချက်ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ရေရှည်ဖြေရှင်းရေး မူဝါဒနဲ့ ကိုက်ညီသလို ဥပဒေအရ အရေးယူတာနဲ့ ပြည်နှင်ဒဏ်ပေးခြင်း ရှုထောင့်တခုတည်းက မကြည့်ဘဲ လူသားချင်းစာနာထောက်ထားမှု ရှုထောင့်ကိုပါ ထည့်သွင်းစဉ်းစားပြီး အသိပညာ၊ အတတ်ပညာနဲ့ အခွင့်အလမ်းတွေ ပေးအပ်တာဖြစ်တယ်လို့ ဇာဟစ် ဟာမီဒီကပြောကြားခဲ့ပါတယ်။
အဲဒီရွေးချယ်တာ၊ သင်တန်းပေးတာ၊ စာရွက်စာတမ်းဆောင်ရွက်တာနဲ့ နေရာချထားတာလုပ်ငန်းစဉ်တွေကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့ မလေးရှားအစိုးရအနေနဲ့ တူရကီရှိ သက်ဆိုင်ရာအာဏာပိုင်တွေ၊ UNHCR နဲ့ ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဒါဟာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးရဲ့အရေးပါမှုကို ထင်ဟပ်ပြသနေတယ်လို့ဆိုပါတယ်။








