Border News Agency
ရန်ကုန်၊ နိုဝင်ဘာ ၂၀။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နဲ့ ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်တို့မှာ ငွေကျပ်သိန်းပေါင်း တသောင်းခြောက်ထောင်ငါးရာရှစ်ဆယ့်လေးသိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC)က နိုဝင်ဘာလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာမှ မင်းထက်အောင်ရဲ့ နေအိမ်ကို နိုဝင်ဘာလ ၁၇ ရက်နေ့က ဝင်ရောက်ရှာဖွေရာကနေ ငွေကျပ်တစ်ဒသမ ငါး ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား တသန်းနဲ့ လက်ကိုင်ဖုန်း တလုံးကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင်မင်းလွင်ကုန်းကျေးရွာအနီးမှာ သီဟအောင်၊ ရဲထိုက်အောင်၊ ခန့်မင်းနဲ့ ဇော်မျိုးတို့ လေးဦးကို BMW မော်တော်ယာဉ် တစီး၊ လက်ကိုင်ဖုန်း ငါးလုံးနဲ့အတူ ဖမ်းဆီးရမိခဲ့သလို ကျွန်းကလေးကျေးရွာအနီးမှာလည်း သန်းကိုကို ကို လက်ကိုင်ဖုန်းနှစ်လုံးနဲ့ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က အောင်ပွဲနဲ့ မဟွမ်လင်းတို့စီးလာတဲ့SKAT မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ငွေကျပ်တထောင့်ငါးရာရှစ်ဆယ့်လေးသိန်းတန်ဖိုးရှိ ဘိန်းဖြူခုနှစ် ဒသမ နှစ်ကီလိုနဲ့ လက်ကိုင်ဖုန်းနှစ်လုံးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီလှည်းကူးမြို့နယ်က ဖမ်းဆီးရမိသူ ခြောက်ဦးနဲ့ ဝိုင်းမော်မြို့နယ်က ဖမ်းဆီးရမိသူ နှစ်ဦးတို့ကို သက်ဆိုင်ရာမြို့မရဲစခန်းအသီးသီးမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီးကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။







