Border News Agency
နယ်သာလန် နိုဝင်ဘာ ၂၁။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်အသက်ဝင်ပြီး အမှန်တကယ်အကောင်အထည်ဖော်နိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေမှာတာဝန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က နိုဝင်ဘာ လ၂၀ ရက်၊မနေ့က ဂျီနီဗာမှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
တရားရုံးမှာစီရင်ချက်ကို အသက်ဝင်စေမယ့်ယန္တရားမရှိပေမဲ့ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှာရှိနေတာကြောင့် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စီရင်ချက် အသက်ဝင်စေဖို့ တာဝန်ယူဆောင်ရွက်ကြဖို့ အရေးကြီးတယ်လို့ သူကဆိုပါတယ်။
အဲဒီအပြင် နစ်နာသူတွေကို ပြန်လည်ကုစားပေးဖို့အတွက် တရားရုံးကနောက်ထပ်တရားစီရင်ရေး အဆင့်တခုသတ်မှတ်လိုက်ပြီး လိုက်နာဆောင်ရွက်မှုအစီရင်ခံစာတင်သွင်းဖို့ မြန်မာနိုင်ငံကို နှစ်နှစ်အချိန်ပေးခဲ့တာဟာ အရေးကြီးပြီးမထင်မှတ်ထားတဲ့ အချက်တခုဖြစ်တယ်လို့ ဆိုပါတယ်။
IIMM က မျှဝေခဲ့တဲ့ အထောက်အထားတွေနဲ့ စုံစမ်းစစ်ဆေးမှု နည်းစနစ်တွေရဲ့ ယုံကြည်စိတ်ချရမှုကို တရားရုံးက အသိအမှတ်ပြုခဲ့ပြီး အလွန်မြင့်မားတဲ့ စံသတ်မှတ်ချက်အောက်မှာ လူမျိုးပြုန်းစေမှု ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစီရင်ချက်ဟာ မြန်မာပြည်သူတွေနဲ့ ဆယ်စုနှစ်နဲ့ချီ ခွဲခြားဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာတွေအတွက်အထူးအရေးပါပြီး စီရင်ချက်အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းရတာခက်ခဲနိုင်ပေမယ့် အင်မတန်အရေးကြီးတဲ့ ကိစ္စဖြစ်တယ်လို့ နီကိုလတ်စ်ခွန်ဂျန်ကပြောပါတယ်။







