Border News Agency
မြောက်ဦး၊နိုဝင်ဘာ ၂၁။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်နဲ့ ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေနဲ့ အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ်စောင့်ကြည့်နေသလို အာရက္ခဒေသအကျိုးစီးပွားအတွက် သင့်တော်သလိုရပ်တည်လုပ်ဆောင်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းစေမှု ကျူးလွန်ကြောင်းအပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ စီရင်ချက်အပေါ် ULA/AA ရဲ့ သဘောထားမှတ်ချက်ကို ပြောရေးဆိုခွင့်ရှိသူခိုင်သုခကခုလိုပြောတာပါ။
“လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်လို့အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။အမှန်တရားနဲ့ တရားမျှတမှုအပေါ်မှာခိုင်မာစွာရပ်တည်ပြီးတော့ အာရက္ခဒေသအကျိုးစီးပွားအတွက် သင့်တော်လိုအပ်သလို ရပ်တည်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” လို့ ခိုင်သုခက ပြောပါတယ်။
အဲဒီအပြင် ICJ စီရင်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း ဒေသတွင်း နိုင်ငံတကာရဲ့ စောင့်ကြည့်မှုနဲ့ ဖိအားတွေ ပိုများလာနိုင်တာကြောင့် ULA/AA ဟာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ နိုင်ငံတကာဆက်ဆံရေးတွေမှာ ပိုမိုတာဝန်ယူမှုရှိကြောင်း ပြသရမယ့် အခြေအနေကို ရောက်လာစေနိုင်တယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်း တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
“ICJ ရဲ့ စီရင်ချက်ဟာနိုင်ငံတကာ ဥပဒေနဲ့ တရားမျှတမှုဘက်က ကြည့်ရင် အရေးပါတဲ့ ခြေလှမ်းတစ်ခုလို့ မြင်ပါတယ်။ဒါပေမယ့် လက်တွေ့မြေပြင်မှာ အကောင်အထည်ဖော်နိုင်မှုအပိုင်းနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကြားမှာ ဘယ်လောက်အထိ ထိရောက်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။မြေပြင်က ပြည်သူတွေရဲ့ ခံစားချက်နဲ့ လုံခြုံရေးကိုလည်း မျှတစွာ ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်ပါတယ်။” လိုရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်း တက်ကြွလှုပ်ရှားသူ အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။
လက်ရှိမှာ ULA/AA ဘက်က လူမျိုးဘာသာမခွဲခြားဘဲ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးစနစ်တွေ ဖော်ဆောင်နေပေမယ့် အသွင်ကူးပြောင်းရေးကာလ ဖြစ်တာကြောင့် ပြည့်စုံခိုင်မာတဲ့ ဥပဒေမူဘောင်တွေ ပေါ်ပေါက်လာဖို့ လုပ် ဆောင်နေဆဲအဆင့်မှာသာ ရှိသေးတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေမှာလည်း စနစ်တကျစိစစ်လက်ခံမှုနဲ့ ဒေသခံတွေရဲ့လုံခြုံရေးအာမခံချက်တွေရှိမှသာ နှစ်ဖက်လူမှုအသိုက်အဝန်းကြား ယုံကြည်မှုတည်ဆောက်ပြီး ရေရှည်တည်တံ့တဲ့ဖြေရှင်းမှုဖြစ်နိုင်မှာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
အဲဒီရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်စတဲ့မြို့နယ်တွေအပါ အဝင်မြို့နယ်အများစုကို အာရက္ခတပ်တော်ထိန်းချုပ်ထားပါတယ်။






