Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၂၀။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိဘူးလို့ အာဏာသိမ်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကပြောပါတယ်။
နေပြည်တော်မှာ နိုဝင်ဘာလ ၂၀ ရက်၊ ဒီနေ့ နေ့လည် ၁ နာရီခွဲအချိန်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောတာပါ။
မြန်မာနိုင်ငံဟာ မတရားစွပ်စွဲခံရတာဖြစ်ပြီး အပြီးသတ်အမိန့်မချခင် ကြားဖြတ်အမိန့်တွေ ချမှတ်ခဲ့စဉ်ကလည်း ညွှန်ကြားချက်အတိုင်း နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အတိအကျလိုက်နာဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြီးသတ်အမိန့်ချမှတ်ရာမှာလည်း တရားသူကြီး ဆယ့်ငါးဦးစလုံးက ဒီဆုံးဖြတ်ချက်ကို သဘောတူတာ မဟုတ်ဘဲ ကိုးဦးကသဘောတူပြီး ခြောက်ဦးကကန့်ကွက်ခဲ့တာကြောင့် အားလုံး တညီတညာတည်း ဆုံးဖြတ်တာမဟုတ်တဲ့အတွက် တရားမျှတမှုမရှိဘူးလို့ သူကပြောပါတယ်။
အဲဒီအမှုအမိန့်စာမျက်နှာ တရာ့ရှစ်ဆယ့်ခြောက်မျက်နှာရှိတဲ့ တရားရုံးရဲ့ အပြီးသတ်ဆုံးဖြတ်ချက်နဲ့ စာမျက်နှာ နှစ်ရာ့ခြောက်ဆယ့်ကိုးမျက်နှာရှိတဲ့ တရားသူကြီးတွေရဲ့ စီရင်ချက်တွေကို အချိန်ယူပြီး လေ့လာသွားမယ်လို့ ဆိုပါတယ်။
ရခိုင်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ မှာ တရားစွဲဆိုထားတဲ့အမှုကို ခုနှစ်နှစ်အကြာ နိုဝင်ဘာလ ၁၉ ရက်မှာ အပြီးသတ်အမိန့် ချမှတ်ခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။






