Border News Agency
လယ်ဒို၊ နိုဝင်ဘာ ၂၀။
ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ စီရင်ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက နိုဝင်ဘာလ ၂၀ ရက်၊ ဒီကနေ့မှာ သဘောထားထုတ်ပြန်ပါတယ်။
တရားမျှတမှုအတွက် ဆယ်စုနှစ်တခုနီးပါး ကြိုးပမ်းခဲ့ကြတဲ့ ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာတွေရဲ့ သတ္တိကို အသိအမှတ်ပြုသလို အမှုကို စီရင်ချက်ချမှတ်သည်အထိ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တဲ့ ဂမ်ဘီယာနိုင်ငံကိုလည်း ကျေးဇူးတင်တယ်လို့ဆိုပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုအတွက် အဓိကကျူးလွန်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဆက်လက်ရှိနေဆဲဖြစ်တာကြောင့် စီရင်ချက်ကို အကောင်အထည်ဖော်ရာမှာ သက်သေအထောက်အထားတွေထိန်းသိမ်းဖို့၊ အသက်ရှင်ကျန်ရစ်သူတွေနဲ့ သက်သေတွေကို ကာကွယ်ဖို့ လွတ်လပ်စွာ စောင့်ကြည့်စစ်ဆေးနိုင်ရေး အထူးအရေးကြီးတယ်လို့ဆိုပါတယ်။
အဲဒီအပြင် စီရင်ချက်အကောင်အထည်ဖော်ရာမှာ ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိရေး၊ နစ်နာမှုတွေအတွက် လျော်ကြေးပေးရေး၊ အလားတူကျူးလွန်မှုတွေ ထပ်မံမဖြစ်ပွားရေး အာမခံချက်တွေ ပါဝင်ရမှာဖြစ်သလို ရိုဟင်ဂျာတွေအနေနဲ့ မိမိတို့ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ပြီး မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံဆည်းနိုင်ခွင့် ရှိရမယ်လို့လည်း ဆိုပါတယ်။
အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ကူညီထောက်ပံ့ပေးပြီး အရပ်သားတွေကို ကာကွယ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိရေး ဆောင်ရွက်ရာမှာ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေ၊ သက်ဆိုင်ရာအာဏာပိုင်တွေ၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ အာရက္ခတပ်တော် (AA) တို့နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။
ရိုဟင်ဂျာတွေရဲ့ တန်းတူညီမျှသော နိုင်ငံသားဖြစ်ခွင့်နဲ့ အနာဂတ်ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်ကို ထပ်လောင်းအတည်ပြုသလို အာဏာသိမ်းစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ မြန်မာနိုင်ငံရှိ ပြည်သူအားလုံး တရားမျှတမှုရရှိရေးအတွက် အတူတကွဆက်လက်ကြိုးပမ်းသွားမယ်လို့ လည်း ဆိုပါတယ်။







