Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၀။
အာရက္ခဒေသရှိ မျိုးသုဉ်းရှားပါးနိုင်တဲ့ပင်လယ်လိပ်မျိုးစိတ်တွေကို ထိန်းသိမ်းကာကွယ်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ငါးလုပ်ငန်းနဲ့ရေသယံဇာတ စီမံခန့်ခွဲရေးဌာနက နိုဝင်ဘာလ ၁၉ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ငါးလုပ်ငန်းရေရှည်တည်တံ့စေဖို့နဲ့ ရေသတ္တဝါမျိုးစိတ်တွေ ပွားများရှင်သန်နိုင်စေဖို့အတွက် ရှားပါးရေသတ္တဝါမျိုးစိတ်တွေကို ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ရှားပါးရေသတ္တဝါတွေကိုဖမ်းဆီးသတ်ဖြတ်တာကြောင့် ဂေဟစနစ်နဲ့ အစာကွင်းဆက်တွေပျက်စီးပြီး ငါးသယံဇာတ ရှားပါးလာနိုင်တာကြောင့် အမိန့်အမှတ် တစ် မြင်းစောင်း နှစ်ထောင့်နှစ်ဆယ့်ငါးနဲ့ ဖမ်းဆီး၊သတ်ဖြတ်၊ ရောင်းချခြင်းမပြုဖို့ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ပင်လယ်လိပ်တွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချတာ၊ ပင်လယ်လိပ်ဥတွေကို တူးဖော်စုဆောင်းရောင်းချတာနဲ့ ပင်လယ်လိပ်သား၊ လိပ်ဥ အပါအဝင် အစိတ်အပိုင်းတွေကို လက်ဝယ်ထားရှိ တင်ပို့ရောင်းချတာတွေ မပြုလုပ်ကြဖို့တားမြစ်ထားပါတယ်။
အဲဒီအပြင် ပင်လယ်လိပ်တွေ ဥချရာကမ်းခြေတွေကို ဖျက်ဆီးတာ၊ သဲတူးဖော်တာ၊ ယာဉ်မောင်းနှင်တာတွေနဲ့ ဥချနေစဉ် အနှောင့်အယှက်ဖြစ်စေမယ့် ဓာတ်ပုံရိုက်ကူးတာ၊ ပွဲလမ်းသဘင်ကျင်းပတာ၊ ဓာတ်မီးနဲ့ ချောင်းမြောင်းကြည့်ရှုတာတွေအပြင် ကမ်းခြေမှာ ငါးဖမ်းပိုက်အဟောင်းတွေနဲ့ ပလတ်စတစ်အမှိုက်သရိုက်တွေ စွန့်ပစ်တာတွေ မပြုလုပ်ဖို့ အချက်ခြောက်ချက်နဲ့ တားမြစ်ထားပါတယ်။
အဲဒီတားမြစ်ချက်တွေထဲက တခုခုကို ကျူးလွန်ကြောင်းတွေ့ရှိပါက ငါးလုပ်ငန်းဆိုင်ရာ ပြဋ္ဌာန်းချက်ဥပဒေအတိုင်း ထိရောက်စွာ အရေးယူသွားမယ်လို့ဆိုပါတယ်။









