Border News Agency
မောင်တော၊ နိုဝင်ဘာ ၂၀။
ရိုဟင်ဂျာတွေအပေါ်လူမျိုးသုဉ်းသတ် ဖြတ်မှုကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)အပြီးသတ်အမိန့်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးယူဆောင်ရွက်ခွင့်ရှိပါတယ်။
အဲဒီအမိန့် တဆယ့်သုံးချက်ကို ICJ ဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါ (Yuji Iwasawa) က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ နှစ်နာရီခွဲကျော်ကြာဖတ်ကြားပြီးနောက် ကြေညာခဲ့တာဖြစ်ပါတယ်။
အဲဒီအမိန့်တွေထဲမှာ မြန်မာနိုင်ငံဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားတွေကို ချိုးဖောက်ပြီး ရခိုင်က ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးအရေးယူဖို့နဲ့ ရိုဟင်ဂျာတွေအတွက် မူလအခြေအနေအတိုင်း ပြန်လည်ထူထောင်ပေးပြီး လျော်ကြေးပေးအပ်ဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာတွေ ရသင့်ရထိုက်တဲ့ လျော်ကြေးပမာဏနဲ့ ပေးအပ်မယ့် နည်းလမ်းတွေကို တရားရုံးက ဆုံးဖြတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ စီရင်ချက်ချမှတ်ပြီး နှစ်နှစ်အတွင်း ရုံးတော်ဆီ အစီရင်ခံစာ ပေးပို့တင်ပြရမှာ ဖြစ်ပါတယ်။
အဲဒီဆုံးဖြတ်ချက်တွေဟာ အယူခံတက်ခွင့်မရှိဘဲ အပြီးအပြတ်ဖြစ်သလို ကုလသမဂ္ဂတရားရုံးတော်က အမိန့်ချမှတ်တာဖြစ်လို့ ဥပဒေအရ စည်းနှောင်မှုရှိတာကြောင့် လိုက်နာဖို့ ပျက်ကွက်မှုရှိလာရင် ဂမ်ဘီယာနိုင်ငံအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတင်ပြပြီး အရေးယူဆောင်ရွက်ခွင့်ရှိနေတာ ဖြစ်ပါတယ်။






