Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၂၀။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ရှစ်ဆယ့်တကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီကချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုပယ်ချကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၀ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီဆုံးဖြတ်ချက်အဆိုကို နိုဝင်ဘာလ ၁၈ ရက်နေ့က လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) မှာ အတည်ပြုချမှတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီဆုံးဖြတ်ချက်အဆိုဟာ ပကတိမြေပြင်အခြေအနေကို ထင်ဟပ်တာမရှိဘဲ တရားဝင်ကိုယ်စားလှယ် ပါဝင်တက်ရောက်တာမရှိဘဲ ချမှတ်ခဲ့တာဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီအပြင် လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်တဲ့ လုပ်ငန်းစဉ် (UPR) ဟာ အသင့်လျော်ဆုံး ယန္တရားဖြစ်ပေမယ့် နိုင်ငံတချို့က တဖက်သတ်သတင်းတွေအပေါ် အခြေခံပြီး နိုင်ငံတနိုင်ငံတည်းကို ဦးတည်တဲ့ ဆုံးဖြတ်ချက်အဆိုတွေကို တင်သွင်းနေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် အဲဒီဆုံးဖြတ်ချက်အဆို တရပ်လုံးနဲ့ ဖော်ပြထားတဲ့အချက်တွေကို ပါဝင်ပတ်သက်တာမရှိဘဲ လုံးဝလက်မခံပယ်ချကြောင်းနဲ့ မြန်မာနိုင်ငံကရပ်တည်ပံ့ပိုးပေးတဲ့ မိတ်ဆွေနိုင်ငံတွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။






