Border News Agency
ဘင်္ဂလားဒေ့ရှ်၊ နိုဝင်ဘာ ၂၀။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဂမ်ဘီယာနဲ့ မြန်မာအမှုမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်ကို ကြိုဆိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၀ ရက်၊ ဒီနေ့ မနက် ၁၀ နာရီခွဲအချိန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောလိုက်ပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဟူမာယွန် ကဘီရ် (Humayun Kabir) က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ICJ စီရင်ချက်ဟာ သမိုင်းဝင်ဖြစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
တရားရုံးကရိုဟင်ဂျာတွေကို သီးခြားလူမျိုးစုတခုအဖြစ် အသိအမှတ်ပြုခဲ့သလို အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ကျူးလွန်သူတွေကို အရေးယူဖို့၊ အနာဂတ်မှာ လူမျိုးတုံးသတ်ဖြတ်မှု ထပ်မံမဖြစ်ပွားစေဖို့ တားဆီးဖို့နဲ့ ထိခိုက်နစ်နာသူတွေကို လျော်ကြေးပေးဖို့ ညွှန်ကြားခဲ့တယ်လို့ သူကပြောပါတယ်။
အဲဒီစီရင်ချက်ဟာ အပြီးသတ်ဖြစ်ပြီး ဥပဒေအရ လိုက်နာရမယ့် စည်းနှောင်အားရှိတဲ့အပြင် အယူခံဝင်ခွင့်လည်းမရှိဘူးလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ဒီအမှုမှာ တိုက်ရိုက်သက်ဆိုင်သူ မဟုတ်ပေမယ့် ရိုဟင်ဂျာတသန်းသုံးသိန်းနီးပါးကို လက်ခံခိုလှုံခွင့်ပေးထားပြီး ဒီအမှုမှာပါဝင်ဆောင်ရွက်ခဲ့တဲ့ ဂမ်ဘီယာ၊ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ ထောက်ခံပေးခဲ့တဲ့ မိတ်ဆွေနိုင်ငံတွေကို ကျေးဇူးတင်ကြောင်းပြောပါတယ်။
အဲဒီအပြင် စီရင်ချက်ကို အမြန်အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံခဲ့ပြီး ရိုဟင်ဂျာတွေကို မိမိတို့ နေရပ်ရင်းမှာ ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက်နဲ့ ရေရှည်တည်တံ့စွာ ပြန်လည်နေရာချထားနိုင်ရေးဟာ ဒီအကျပ်အတည်းရဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ဖြစ်တယ်လို့ ဟူမာယွန် ကဘီရ် ကပြောပါတယ်။










