Border News Agency
ဆွစ်ဇာလန်၊ နိုဝင်ဘာ ၂၁။
ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းစေမှု တားဆီးရေး သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားတွေကို မြန်မာနိုင်ငံက ချိုးဖောက်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ဆွစ်ဇာလန်နိုင်ငံက နိုဝင်ဘာလ ၂၁ ရက်၊ ဒီနေ့တောင်းဆိုလိုက်ပါတယ်။
ဂမ်ဘီယာနဲ့ မြန်မာအမှုအပေါ် ICJ ရဲ့ စီရင်ချက်နဲ့ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန (FDFA) ရဲ့ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ပြန်လည်ဖော်ပြခဲ့တာဖြစ်ပါတယ်။
တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရေးဟာ မရှိမဖြစ် အရေးကြီးတယ်လို့ ဆွစ်ဇာလန်နိုင်ငံခြားရေးဌာန အာရှ-ပစိဖိတ်ဌာနခွဲ အကြီးအကဲသံအမတ်ကြီး မားကပ်စ်လိုက်တနာ (Markus Leitner) က ပြောကြားထားပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ မိမိတို့ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးဟာလည်း မရှိမဖြစ်လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အပေါ် မယိမ်းယိုင်ဘဲ ထောက်ခံကြောင်းနဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာကြောင်းကိုလည်း ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါတယ်။









