Border News Agency
မောင်တော၊ နိုဝင်ဘာ ၂၃။
လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ထဲမှာ ရခိုင်နဲ့ ဟိန္ဒူလူမျိုးတွေ အသတ်ခံခဲ့ရတဲ့ အချက်တွေကို အလေးအနက် ထည့်သွင်းစဉ်းစားဖို့ ပျက်ကွက်ခဲ့တယ်လို့ ရှုမြင်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
၁၉၄၂ ခုနှစ်အဓိကရုဏ်းမှာ မောင်တောဒေသက ရခိုင်ရွာပေါင်း ၁၁၅ ရွာက လူတွေ သတ်ဖြတ်ခံရကာ ရခိုင်နဲ့ မျိုးနွယ်စုအများအပြား သေပွဲဝင်ခဲ့ရသလို ၂၀၁၇ ခုနှစ်မှာလည်း နယ်ခြားစောင့်တပ်စခန်းပေါင်း ၃၀ ကျော် တပြိုင်တည်း တိုက်ခိုက်ခံရကာ ဟိန္ဒူလူမျိုးတွေနဲ့ ရခိုင်မျိုးနွယ်စုတွေ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ပါတယ်။
၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာကို အခြေခံပြီး ပြုလုပ်ခဲ့ရတဲ့နယ်မြေရှင်းလင်းရေးမှာ Genocide Convention ပါအချက်တွေကို ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်အပေါ် ALP အနေနဲ့ အထူးသတိထားနေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ရခိုင်ပြည်ရောက် ဘင်္ဂါလီမျိုးနွယ်စုတွေကိုမရှိတဲ့ လူမျိုးအမည် ခေါ်ဝေါ်သုံးစွဲနေမှုအပေါ် ကန့်ကွက်သလို ICJ ရဲ့ ဆုံးဖြတ်ချက်တခုဖြစ်တဲ့ ပြန်လည်နေရာချထားရေးဆိုတဲ့ အချက်ဟာလည်း အထူးသတိထားရမယ့် အချက်တခုဖြစ်ကြောင်း သုံးသပ်ထားပါတယ်။
ရခိုင်ပြည်နဲ့ ရခိုင်ပြည်သူပြည်သားတွေ လုံခြုံရေး၊ လူမျိုးတည်တံ့ရေး၊ လူမျိုးဝါးမျိုခံရမှု မဖြစ်စေရေးနဲ့ ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ လူမျိုးစုံ ဘာသာစုံ သဟဇာတဖြစ်ရေးတို့ကို ရှေးရှုပြီး အမြင်တူ၊ ခံယူချက်တူတဲ့ အစိုးရ၊ အဖွဲ့အစည်းတွေနဲ့ လက်တွဲကာ ဓညဝတီ ရခိုင်ပြည်ကြီး သာယာအေးချမ်းရေးနဲ့ တိုးတက်အောင်မြင်ရေးအတွက် ထာဝစဉ်ကြိုးပမ်းသွားမယ်လို့လည်းဆိုပါတယ်။










