Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၂၃။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခအမျိုးသားပညာရေးဌာနရဲ့ အာရက္ခအမျိုးသားတက္ကသိုလ်မှာ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် အင်္ဂလိပ်စာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် ၂ ဝင်ခွင့်လျှောက်လွှာတွေကို စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။
ပညာသင်နှစ်တနှစ် ကြာမြင့်မယ့် အဲဒီသင်တန်းကို လူဦးရေအကန့်အသတ်နဲ့ ဖွင့်လှစ်မှာဖြစ်ပြီး အင်္ဂလိပ်စာအထူးပြုဘွဲ့တခုခုရရှိထားတဲ့ အသက်လေးဆယ်နှစ်အောက် အာရက္ခပြည်မှာနေထိုင်သူတိုင်း လျှောက်ထားနိုင်ပါတယ်။
အဲဒီအပြင် ULA/AA ဌာနဆိုင်ရာတွေမှာ တာဝန်ထမ်းဆောင်နေသူတွေဆိုရင် အသက်ငါးဆယ်နှစ်အောက် ဘွဲ့ရရှိထားသူတိုင်း လျှောက်ထားနိုင်ပါတယ်။
နောက်ပြီးအင်္ဂလိပ်ဘာသာစကားနဲ့ သင်ကြားတဲ့နိုင်ငံခြားတက္ကသိုလ်တခုခုက ဘွဲ့ရရှိထားသူတွေလည်း လျှောက်ထားနိုင်မှာဖြစ်ပြီး လျှောက်ထားသူတွေအနေနဲ့ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အနိမ့်ဆုံး Intermediate (B1) အဆင့် ရှိရမှာဖြစ်ပါတယ်။
ဝင်ခွင့်လျှောက်လွှာတွေကို အာရက္ခအမျိုးသားပညာရေးဌာန၊ သင်တန်းရေးရာဌာနနဲ့ ပညာရေးမှူးရုံးတွေမှာ ထုတ်ယူနိုင်ပြီး လာမယ့်ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ကာ ဝင်ခွင့်စာမေးပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့နဲ့ လူတွေ့စစ်ဆေးမှုကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွေမှာ ပြုလုပ်သွားမှာပါ။
သင်တန်းတက်ရောက်ခွင့်ရရှိသူတွေအနေနဲ့ သင်တန်းပြီးဆုံးတဲ့အခါ အာရက္ခအမျိုးသားပညာရေးဌာနမှာ အနည်းဆုံးငါးနှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။







