Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၃။
ရှီ၊ပု၊ထရမ့်ရဲ့”ငြိမ်းချမ်းရေးသို့ ဦးတည်တဲ့ကြေညာစာတမ်း”
ဂမ်ဘီယာနဲ့မြန်မာကို အပြည်ပြည်ဆိုင် ရာတရားရုံး(ICJ)က အမိန့်ချတဲ့နေ့မှာပဲ “ငြိမ်းချမ်းရေးသို့ ဦးတည်တဲ့ကြေညာစာတမ်း”(Declaration toward Peace ) ထုတ်ပြန်လာပါတယ်။
အဲဒီတရုတ်နိုင်ငံ၊ရှန်ကျန်းမြို့မှာ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင် ရွက်မှု(Asia-Pacific Economic Cooperation)ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ရဲ့သမိုင်းဝင်သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးအပြီးမှာ ပူးတွဲထုတ်ပြန်တာပါ။
အဲဒီကြေညာစာတမ်းမှာ လေးချက်ပါ ဝင်ပြီးအဓိက…
•ကုလသမဂ္ဂ(UN)ပြုပြင်ပြောင်းလဲရေး. ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို ပိုမိုထိရောက်စွာတုံ့ပြန်နိုင်ရန် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရန်။
•စွမ်းအင်နဲ့ ရေနံထောက်ပံ့မှု.နိုင်ငံအားလုံးရဲ့အကျိုးစီးပွားအတွက် သန့်စင်ပြီး ရေနံထွက်ပစ္စည်းတွေထုတ်လုပ်မှုနဲ့ ထောက်ပံ့မှုကိုတိုးမြှင့်ရန်။
•နိုင်ငံတကာတရားစီရင်ရေးနဲ့ကင်းလွတ်ခွင့်.နိုင်ငံတော်အဆင့်တာဝန်ရှိသူတွေရဲ့သံတမန်ရေးရာ ကင်းလွတ်ခွင့်ကို လေးစားရန်နဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)လို့ အဖွဲ့အစည်းတွေဟာ
စီရင်ပိုင်ခွင့်အာဏာကို အလွဲသုံးစားမပြုရန်။
•နျူကလီးယားအန္တရာယ်လျှော့ချရေး. နျူကလီးယားစစ်ပွဲကို ဘယ်မခါမှမတိုက်ခိုက်သင့်ကြောင်း ထပ်အတည်ပြုပြီး နျူကလီးယားအန္တရာယ်လျှော့ချရေးနဲ့လက်နက်မပြန့်ပွားရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်ရန်။
ဂမ်ဘီယာနဲ့ မြန်မာအမှုစီရင်ချက်ထွက်လာတော့ နိုင်ငံတကာဥပဒေယန္တရားတွေကိုမနှစ်မြို့တဲ့ တချို့က အဲဒီသုံးပွင့်ဆိုင် ”ငြိမ်းချမ်းရေးသို့ ဦးတည်တဲ့ကြေညာစာတမ်း”ရဲ့ တတိယအပိုဒ်ကိုယူပြီး အပြည်ပြည်ဆိုင်ရာတရားရုံးအမိန့် ရေမြောင်းထဲရောက်သွားသလိုလို ပြောနေကြတာရှိပါတယ်။
အဲဒီသူတွေရဲ့အကြောင်းပြချက်က တရုတ်၊ရုရှား၊အမေရိကန်တို့က နိုင်ငံတကာတရားစီရင်ရေးယန္တရားတွေကို ဂရုမစိုက်ဘူးဆိုတဲ့ သဘောမျိုးကိုဆွဲယူလိုဟန်တူပါတယ်။
တရုတ်၊ရုရှား၊အမေရိကန်တို့ဟာ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးအဖွဲ့ဝင်တွေမဟုတ်ပါဘူး။ ဒါပေမယ့် အပြည်ပြည်ဆိုင်ရာတရားရုံးအဖွဲ့ဝင်နိုင်ငံတွေပါ။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေပါ။
အဲဒီသုံးနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးအဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ရောမပဋိညာဉ်ရေးတဲ့အခါ ဝင်ရောက်ဆွေးနွေးခဲ့ကြတဲ့နိုင်ငံတွေဆိုတာကိုလည်း သတိပြုဖို့လိုပါတယ်။
အဲဒီသုံးနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးအဖွဲ့ဝင်နိုင်ငံတွေသာမဟုတ်ပေမယ့် ရောမပဋိညာဉ်ရဲ့ အကွေ့အဝိုက်တွေကို သိနေကြတဲ့နိုင်ငံတွေပါ။
ဒီနေရာမှာ တွေးကြည့်လို့ရတာတခုရှိပါတယ်။ အင်အားရှိတယ်။ ပါဝါရှိတယ်လို့ ပြောနေကြတဲ့သူတွေဟာ နိုင်ငံတကာဥပဒေယန္တယားတွေကို ဂရုစိုက်စရာမလိုဘူးဆိုရင် ဘာကြောင့် ဒီလောက်ထိပြင်းပြင်းထန်ထန် တုံ့ပြန်နေရတာလဲ။ အသာလေးခေါက်ထားလိုက်ရင် ပြီးပြီမဟုတ်လား လို့မေးစရာရှိပါတယ်။
အဖြေက အသာလေးခေါက်ထားလိုက်လို့ မရလို့ကို ခုလိုလူသိရှင်ကြားထပြောနေရတာပါ။
ဘာကြောင့်ဆို နိုင်ငံတကာ ဥပဒေယန္တ ရားတွေကို သူတို့အကျိုးစီးပွားအတွက် အသုံးချနိုင်မယ့်အနေအထားမျိုးမှာ ထောက်ခံမှာဖြစ်ပြီး သူတို့ကျိုးစီးပွားကိုလာထိလာရင် နိုင်ငံတကာဥပဒေစက်ကွင်းထဲမှာ အဝင်မခံချင်ကြလို့ပါ။
ဥပမာ – ရုရှားကို ကြည့်ပါ။ ဘယ်လိုပဲ ပြောပြော အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ယူကရိန်းနဲ့ တရားရင်ဆိုင်နေပါတယ်။ဘာမှဂရုမစိုက်ဘူးဆိုရင် ဘာဖြစ်လို့အဲဒီအမှုကို ငွေကုန်ကြေးကျခံပြီး ရင်ဆိုင်နေပါသလဲ။
ပြီးရင် အမေရိကန်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ရင်ဆိုင်နေရတဲ့အမှုကသုံးခုရှိပါတယ်။
အဲဒီထဲက နှစ်ခုက အီရန်နဲ့အမှုဖြစ်နေကြတာပါ။ ၂၀၁၆ ခုနှစ်မှာ အီရန်က အမေရိကန်ကို Certain Iranian Assets နဲ့ တမှု၊ပြီးရင် ၂၀၁၈ ခုနှစ်မှာ အီရန်က အမေရိကန်ကို Alleged Violations of the 1955 Treaty of Amity နဲ့တမှု စွဲခဲ့တာပါ။
တရုတ်ကတော့ အပြည်ပြည်ဆိုင်ရာတ ရားရုံးမှာ အမှုမရှိပါဘူး။ဒါပေမယ့် တခြားနိုင်ငံတကာယန္တရားတွေဖြစ်တဲ့ ကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO ရဲ့ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ (Dispute Settlement Body – DSB)အောက်မှာ တရုတ်ဟာ EV ကားကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယ၊တူရကီ၊ EU၊အမေရိကန်၊ကနေဒါတို့နဲ့ အမှုဖြစ်နေပါတယ်။
အဲဒီအမှုတွေကို ၂၀၂၆ ခုနှစ်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က စတင်စစ်ဆေးနေပါတယ်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဖြေရှင်းရေးအဖွဲ့ (International Investment Arbitration)အောက်မှာ သုံးမှုက ငါးမှုလောက်ရှိနေပြီး ကမ္ဘာ့ဘဏ်(World Bank)လက်အောက်မှာရှိတဲ့ နိုင်ငံတ ကာရင်းနှီးမြှုပ်နှံမှုအငြင်းပွားမှုဖြေရှင်းရေးဗဟိုဌာန ICSID (International Centre for Settlement of Investment Disputes)အောက်မှာ တရုတ်ဟာအမှု ငါးမှုမှခုနစ်မှုထိရှိနေပါတယ်။
အဲဒီကုန်သွယ်ရေး၊စီးပွားရေးဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့တွေဟာလည်းဆိုင်ရာကဏ္ဍမှာတော့ တရားစီရင်ရေးအာဏာတွေ ရှိပါတယ်။
အဲဒီအာဏာအောက်တွေမှာ ဖြစ်နေတဲ့ အငြင်းပွားမှုတွေဟာ ဒေါ်လာဘီလီယံနဲ့ချီပြီး အလျော်အစားကြီးပါတယ်။
”ဘယ်စူပါပါဝါမှ တကိုယ်တည်းမရပ်တည်နိုင်”
ဘာကြောင့် စူပါပါဝါတွေဟာ တဖက်မှာ နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်နေတာလဲ။
အဲလိုတုန့်ပြန်ပြီး တဖက်မှာတော့ တချို့တရားစီရင်ရေး ယန္တယားအောက်မှာ အမှုရင်ဆိုင်နေဆဲဖြစ်တယ်ဆိုတာကိုလည်း မြင်ဖို့လိုပါတယ်။
ဘယ်စူပါပါဝါမှ တကိုယ်တည်းမရပ် တည်နိုင်ဆိုတာကိုလည်းမြင်ဖို့လိုပါတယ်။
ရှီ၊ပု၊ထရမ့် တို့ရဲ့ ၂၀၂၆ ခုနှစ်”ငြိမ်းချမ်းရေးသို့ ဦးတည်တဲ့ကြေညာစာတမ်း ”တတိယအပိုဒ်ကို ပြန်သွားပါမယ်။
တတိယအပိုဒ်က”အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးအပါအဝင် နိုင်ငံတကာတရားစီရင်ရေးယန္တယားတွေဟာ နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာနဲ့အဲဒီနိုင်ငံရဲ့ စိတ်ဆန္ဒကို လေးစားသင့်တယ်။ ဒါကို နိုင်ငံတရားစီရင်ရေး ယန္တယားတွေဟာ မျက်ကွယ်ပြုလို့ မရဘူး။”လို့ ဆိုထားပါတယ်။
လက်ရှိအပြည်ပြည်ဆိုင်ရာတရားရုံးမှာ အမေရိကန်နဲ့အီရန်အမှု ရင်ဆိုင်နေတဲ့ကိစ္စ၊ရုရှားက ယူကရိန်းနဲ့ ရင်ဆိုင်နေတဲ့ကိစ္စ၊တရုတ်က နိုင်ငံတကာကုန်သွယ်ရေး၊စီးပွားရေးနယ်ပယ်ထဲက ယန္တယားတွေမှာ အမှုရင်ဆိုင်နေတဲ့ကိစ္စတွေဟာ သူတို့ရဲ့ဆန္ဒနဲ့ ရင်ဆိုင်နေတာဖြစ်တယ်ပေါ့။
အဓိကအပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးဟာ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကိုချဲ့ထွင်ပြီး နိုင်ငံတွေကို အရေးယူနေတာဟာ သူတို့သဘောမကျဘူးဆိုတဲ့သဘောပါ။
လစ်ဗျားဟာ အပြည်ပြည်ဆိုင်ရာရာဇ ဝတ်မှုခုံရုံးအဖွဲ့ဝင်မဟုတ်ပေမယ့် အဲဒီသုံးနိုင်ငံပါတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးကို လွှဲပေးခဲ့တာပါ။
အဲဒီအချိန်တုန်းက သူတို့လည်း လစ်ဗျားအုပ်ချုပ်သူရဲ့ဆန္ဒကို ထည့်စဉ်းစားခဲ့တာမဟုတ်ပါဘူး။
လက်ရှိမှာ တရုတ်၊ရုရှားနဲ့အမေရိကန်က အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး
ကို သဘောမကျဘူးဆိုတာကလည်း သူ့အထာနဲ့သူ သဘောမကျတာပါ။
ရုရှားကတော့ ရှင်းပါတယ်။ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးက ပူတင်ကို ဝရမ်းထုတ်ထားတော့ သူက အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးလုပ်သမျှကို ကန့်ကွက်မှာပါ။
အမေရိကန်ကတော့ သူ့ကို လာမထိနဲ့ ဆိုတဲ့ သဘောပါ။ သူ့ကိုလာမထိဘဲ ကျန်ဟာတွေကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးက သွားထိရင်တော့ရတယ်ဆိုတဲ့ သဘောမျိုးပါ။
တရုတ်ကတော့ အချွန်နဲ့ မပေးနေတတ်ပါတယ်။ လစ်ဗျားအရေး နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးရှေ့နေချုပ်က ကုလလုံခြုံရေးကောင်စီတင်တော့ တရုတ်ရဲ့ကုလဆိုင်ရာကိုယ်စားလှယ်က အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးဟာ အမေရိကန်ကျူးလွန်တာကျတော့ အရေးမယူနိုင်ဘူး။ ကျန်ဟာတွေကိုတော့ အရေးယူနေတယ်ဆိုပြီး ပြောပါတယ်။ နိုဝင်ဘာလ ၁၉ ရက်မှာတော့ ”ငြိမ်းချမ်းရေးသို့ဦးတည်တဲ့ကြေညာစာတမ်း’ ‘ထွက်လာပြန်ပါတယ်။
တရုတ်၊ ရုရှားနဲ့အမေရိကန်ကြားထဲမှာ လက်ရှိ အကျိုးစီးပွားအရ ရင်ထဲက အစိုင်အခဲတွေ ကို ထွေးပိုက်ပြီး အတူတူ ညီညွတ်သွားဖို့ ဆိုတာလည်း ဒီနေ့ခေတ်ကမ္ဘာကြီးအနေအထားအရဖြစ်နိုင်စရာမလွယ်ပါဘူး။
ရုရှားရဲ့အနေအထားကိုကြည့်ရင်တောင် အခြေအနေတွေကို တသတ်မတ်တည်းထားလို့မရဘူးဆိုတာ ပေါ်လွင်နေပါတယ်။
ယူကရိန်းက ရုရှားကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တရားစွဲပါတယ်။
မြန်မာနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်(၂ ၆၆၉)ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UN Security Council)က ချမှတ်ခဲ့ပါတယ်။
အဲဒီဆုံးဖြတ်ချက်(၂၆၆၉)ကို ရုရှား၊ တရုတ်နဲ့အိန္ဒိယက မကန့်ကွက်ခဲ့ပါဘူး။ ဒီနေရာမှာ ရုရှားမကန့်ကွက်တာကိုလည်း စဉ်းစားဖို့လိုပါတယ်။
ဂျီနိုဆိုက်အမှုနဲ့ တရားစွဲခံရတာခြင်းတူရင်တောင် မြန်မာကို ဂမ်ဘီယာကစွဲတဲ့ နောက်ခံအခြေအနေနဲ့ ယူကရိန်းက ရုရှားကိုစွဲတဲ့ နောက်ခံအခြေအနေ၊ တောင်အာဖရိကက အစ္စရေးကိုစွဲတဲ့နောက်ခံအခြေအနေတွေဟာ မတူသေးပါဘူး။
အဲဒီတော့ ဂမ်ဘီယာနဲ့မြန်မာ အမှုဟာ ရုရှားနဲ့ အစ္စရေးအပေါ် သက်ရောက်မှုရှိတယ်ဆိုရင်တောင် နောက်ခံအခြေအနေတွေ ကွဲပြားမှုအရ အလုံးစုံတော့ သက်ရောက်မှာ မဟုတ်ပါဘူး။
ICJ အပြီးသတ်အမိန့်နောက်ဆက်တွဲ
၂၀၁၆ ခုနှစ်မှာ အီရန်က အမေရိကန်ကို တရားစွဲတဲ့ Certain Iranian Assets အမှုကို အပြီးသတ်အမိန့်က ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ချမှတ်ခဲ့တာပါ။
အမေရိကန်တရားရုံးက ဆုံးဖြတ်ချက်တွေဟာ အီရန်နိုင်ငံပိုင်နဲ့ အီရန် ကုမ္ပဏီပိုင် ပိုင်ဆိုင်မှုတွေကို သိမ်းယူထားတာဟာ Treaty of Amity စာချုပ်ပါတာဝန်ကို ချိုးဖောက်ခဲ့တာဖြစ်တယ်။
အဲဒါကြောင့် အမေရိကန်ဘက်က အီရန်ကို လျော်ကြေးပေးရမယဆိုပြီး အမိန့်ချခဲ့ပါတယ်။လျော်ကြေးပမာဏကိုတော့ နှစ်ဖက်ညှိနှိုင်းကြ။
ဒါပေမယ့် နှစ်နှစ်ထက် မကျော်စေရဘူးလို့ အမိန့်ချခဲ့ပေမယ့် အမေရိကန်နဲ့ အီရန်ကြားမှာ ပြေလည်မှုမရပါဘူး။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်မှာ အီရန်က သတ်မှတ်ချိန်အတွင်း လျော်ကြေးမရဘူးလို့ အပြည်ပြည်ဆိုင်ရာတရားရုံးကို ပြန်တိုင်ပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှာ အမေရိကန်ဘက်က ချေပချက်စာကို
အပြည်ပြည်ဆိုင်ရာတရားရုံးကို ပြန်ပို့ပါတယ်။
အဲဒါကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်မှာ အပြည်ပြည်ဆိုင်ရာတရားရုံးကနှစ်ဖက်ကို ခေါ်တွေ့ပါတယ်။ဖေဖော်ဝါရီလ ၁၅ ရက်မှာ အမိန့်တခုထပ်ချလိုက်ပါတယ်။
အဲဒီအမိန့်ထဲမှာ ၂၀၂၆ ခုနှစ်၊နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အီရန်ဘက် ပြန်တင်ပြဖို့နဲ့ ၂၀၂၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့မှာ အမေရိကန်က ပြန်ချေပချက်တင်ဖို့ကို ရက်ချိန်းပေးလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့အပြီးသတ်အမိန့်ဆိုတာ အပြီးသတ်အမိန့်သာဖြစ်ပြီး တကယ်အပြီးသတ်ဖို့အတွက် ကြာတတ်ပါသေးတယ်။ ဒါဟာ လက်ရှိ ၂၀၂၆ ခုနှစ်ထဲမှာ ဖြစ်ပျက်နေတဲ့ဖြစ်ရပ်ပါ။
လောလောဆယ်မှာ သေချာတာတခုတော့ရှိပါတယ်။ တရုတ်ပဲ ဖြစ်ဖြစ်၊ရုရှားပဲဖြစ်ဖြစ်၊ အမေရိကန်ပဲ ဖြစ်ဖြစ် နိုင်ငံတကာတရားစီရင်ရေးယန္တရားစနစ်တွေကို ဝေဖန်နေပေမယ့် နိုင်ငံတကာတရားစီရင်ရေးယန္တရားထဲက ငါ့အချုပ်အခြာအာဏာကို ထိခိုက်တယ်ဆိုပြီး နုတ်ထွက်သွားတာမျိုးမရှိသေးဘူးဆိုတဲ့အချက်ပါ။
တရုတ်၊ရုရှားနဲ့အမေရိကန်တို့က နိုင်ငံတကာတရားစီရင်ရေး ယန္တရားဘာဖြစ်တယ်။ ညာဖြစ်တယ်လို့ ဘယ်လောက်ပဲ ပြောနေပါစေ…။
အဲဒါဟာ ဂမ်ဘီယာနဲ့မြန်မာအမှုအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ စီရင်ချက်ကို ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးမသက်ရောက်သေးဘူးဆိုတာကိုလည်း သတိချပ်ဖို့လိုပါတယ်။
ဆက်ရန်…
ကိုးကား…
ရှီ၊ ပု၊ ထရမ့် တို့ရဲ့ ၂၀၂၆ ခုနှစ် ”ငြိမ်းချမ်းရေးသို့ ဦးတည်တဲ့ကြေညာစာတမ်း”
https://www.afp.com/en/china-us-russia-issue-declaration-toward-peace-after-first-summit
Certain Iranian Assets အမှု အပြီးသတ် အမိန့် (၂၀၂၃)
https://jusmundi.com/en/document/decision/en-certain-iranian-assets-islamic-republic-of-iran-v-united-states-of-america-judgment-thursday-30th-march-2023
Certain Iranian Assets အမှုအပြီးသ တ်အမိန့် နောက်ပိုင်းအမိန့်အကောင်အ ထည်ဖော်ရေး အမိန့် (၂၀၂၆)
https://www.icj-cij.org/case/164
တရုတ် WTO မှာ အငြင်းပွားမှု
https://www.wto.org/english/news_e/archive_e/country_subj_arc_e.htm?country1=CHN&subject1=DISP






