Border News Agency
ဗီယက်နမ်၊ စက်တင်ဘာ ၆။
မြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေကို လက်တွေ့ကျကျဖော်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဗီယက်နမ်နိုင်ငံခရီးစဉ်အတွင်းပြောကြားလိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံသို့ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမစ္စတာချန်ထန်မန်းနဲ့ စက်တင်ဘာလ ၅ ရက်၊မနက်ပိုင်းကဟနွိုင်းမြို့မှာ တွေ့ဆုံစဉ်ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟု သူတို့ရဲ့ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့်အစိုးရသစ်နဲ့လွှတ်တော်တွေအတွက် ဗီယက်နမ်အမျိုးသားလွှတ်တော်ရဲ့ ဥပဒေပြုရေးနဲ့ ကြီးကြပ်ရေးဆိုင်ရာ အတွေ့အကြုံတွေကိုမျှဝေပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီအပြင် သူတို့ဖော်ဆောင်နေတဲ့ ဒေသအခြေခံဖက်ဒရယ်စနစ် တည်ဆောက်ရေးအတွက် ဗီယက်နမ်လွှတ်တော်အနေနဲ့ ကူညီပေးစေလိုကြောင်းနဲ့အာဆီယံ လွှတ်တော်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့လည်းပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ နိုင်ငံတကာရဲ့ဖိအားနဲ့ သပိတ်မှောက်မှုတွေကြောင့် ဒေသတွင်းမိတ်ဖက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်ဖို့ ကြိုးပမ်းနေပေမယ့် မြန်မာနိုင်ငံအတွင်းတိုက်ပွဲတွေဟာ အရှိန်ဟုန်မပျက်ဆက်လက် ပြင်းထန်နေဆဲဖြစ်ပါတယ်။






