Border News Agency
ချင်းမိုင်၊ နိုဝင်ဘာ ၁၃။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ နိုင်ငံခြားသားတွေအတွက် မှတ်ပုံတင်အတုပြုလုပ်ပေးတဲ့ ကွန်ရက်ကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးနှိမ်နင်းခဲ့ပြီး မြို့တော်ဝန်တဦး အပါအဝင် သံသယရှိသူ ခုနှစ်ဆယ့်ကိုးဦးကို ဖမ်းဝရမ်းထုတ်ထားပါတယ်။
ဖန် (Fang) ခရိုင်မှာ အခြေစိုက်တဲ့ကွန်ရက်ဟာ ထိုင်းနိုင်ငံသားမဟုတ်သူတွေကို ထုတ်ပေးတဲ့အထူးမှတ်ပုံတင်ကတ်တွေကို တရားမဝင်ရယူနိုင်ဖို့ လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် စုံစမ်းစစ်ဆေးချက်တွေအရ အစိုးရအရာရှိတွေနဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေဟာ အဲဒီအထောက်အထားအတုတွေကို အတည်ပြုပေးတဲ့နေရာမှာ ပါဝင်ပတ်သက်နေကြောင်းတွေ့ရှိခဲ့တာပါ။
ထိုင်းရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့သက်ဆိုင်ရာဌာနတွေ ပူးပေါင်းကာ Ming Chen C4 အမည်ရှိ ကွန်ရက်နဲ့ဆက်စပ်နေတဲ့နေရာတွေကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိမှုတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။






