Border News Agency
ရန်ကုန်၊ နိုဝင်ဘာ ၁၃။
ပြည်ပရောက်လုပ်သား ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်းက မြန်မာနိုင်ငံသို့ တရားဝင်ငွေပြန်မလွဲရင်သက်ဆိုင်ရာ အေဂျင်စီတွေကို အလုပ်ခေါ်စာအသစ်ဆိုင်းငံ့တာ၊ ဒဏ်ကြေး ဆယ်သိန်းကောက်ခံတာနဲ့ လိုင်စင်ခြောက်လ ယာယီပိတ်သိမ်းတာတွေ ပြုလုပ်မယ်လို့ အာဏာသိမ်းစစ်တပ် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အေဂျင်စီတခုစီကစေလွှတ်ထားတဲ့ လုပ်သားစုစုပေါင်းရဲ့ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းဟာ လစဉ်လုပ်ခလစာရဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းကို ဗဟိုဘဏ်ခွင့်ပြုထားတဲ့ ဘဏ်တွေ၊ တရားဝင်ငွေလွှဲလုပ်ငန်းတွေကတဆင့် မဖြစ်မနေ ပြန်လွှဲပို့ရမှာဖြစ်ပါတယ်။
သတ်မှတ်ချက်မပြည့်မီတဲ့ အေဂျင်စီတွေကို အလုပ်ခေါ်စာအသစ်တင်ပြခွင့် ဆိုင်းငံ့သွားမှာဖြစ်သလို နှစ်ထောင့်နှစ်ဆယ့်ခြောက် ခုနှစ် ပထမခြောက်လပတ်အတွင်း ငွေလွှဲမှုမပြည့်မီတဲ့အေဂျင်စီတွေကိုလည်း အရင်ဒဏ်ကြေးတသိန်းအစား ကျပ်ဆယ်သိန်းတိုးမြှင့်ဒဏ်ရိုက်ပြီး လိုင်စင်ခြောက်လပိတ်သိမ်းသွားမှာပါ။
အဲဒီအပြင် ပြည်ပကနေ ခွင့်ရက်တိုပြန်လာသူတွေထဲမှာ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းနဲ့ သုံးလစာငွေလွှဲပြေစာပြနိုင်သူတွေကိုသာ ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) ဦးစားပေး ထုတ်ပေးသွားမယ်လို့ အာဏာသိမ်းစစ်တပ်ကဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကိုင်သူ များပြားနေချိန်မှာ အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံခြားငွေရရှိရေးအတွက် ပြည်ပရောက်မြန်မာလုပ်သားတွေနဲ့ အေဂျင်စီတွေအပေါ် ဖိအားပေး ကန့်သတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။







