Border News Agency
ဂွ၊ နိုဝင်ဘာ ၂၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊သဲကုန်းရွာမှာ အရက်အတူသောက်ရာကနေ စကားများရန်ဖြစ်ပြီး လူသတ်မှု ကျူးလွန်ခဲ့သူကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးအရေးယူထားတယ်လို့ အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာလ ၂၅ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီသဲကုန်းရွာအရှေ့ဘက် နှစ်မိုင်ခန့်အကွာ ဖလန်တောင်ပေါ်ရှိ တောင်ယာတဲမှာ နိုဝင်ဘာလ ၆ ရက်၊ညနေပိုင်းက အသက်ငါးဆယ်နှစ်နှစ်အရွယ် ဦးမောင်ညွှန့်နဲ့ တရွာတည်းနေ အသက်ငါးဆယ်နှစ်နှစ်အရွယ်ဇော်မင်းဦး (ခ) ပါလေးတို့ အရက်အတူသောက်ရင်း စကားများခဲ့ကြတာပါ။
အဲဒီလိုစကားများရာကနေ ဇော်မင်းဦး (ခ) ပါလေးက ဒေါသမထိန်းနိုင်ဘဲ အနီးရှိ ဓားဦးချွန်နဲ့ ဦးမောင်ညွှန့်ရဲ့ ဝမ်းဗိုက်ကို ထိုးသွင်းခဲ့တာကြောင့် ရရှိတဲ့ဒဏ်ရာနဲ့ နောက်တနေ့မနက်ပိုင်းမှာ ဦးမောင်ညွှန့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူရဲ့ ညီဖြစ်သူက နယ်မြေခံဒီလပ်စခန်းမှာ တိုင်တန်းခဲ့တာကြောင့် တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာ ဖလန်တောင်ပေါ်မှာ ဇော်မင်းဦး (ခ) ပါလေးကို ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ဓားဦးချွန်နဲ့အတူ နိုဝင်ဘာလ ၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီပြစ်မှုကျူးလွန်သူ ဇော်မင်းဦး (ခ) ပါလေးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်စစ်ဆေးနေပြီး ဥပဒေအကြံပြုချက်နဲ့အညီ တရားစွဲတင်နိုင်ဖို့ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။









