Border News Agency
ရန်ကုန်၊ နိုဝင်ဘာ ၂၅။
အစားအသောက်ထပ်ဖြည့်ပစ္စည်းတွေ သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေတာကြောင့် ရွှေညာသူ ပုန်းရည်ကြီးနဲ့ K & K ခွန်အားဖြည့်အချိုရည်တို့ကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းစေဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ရေစကြိုမြို့နယ်၊ဆင်ချောင်းစံပြကျေးရွာရှိ ရွှေညာသူ စားသောက်ကုန်လုပ်ငန်းက ထုတ်လုပ်တဲ့ ရွှေညာသူ ပုန်းရည်ကြီး (နမူနာအမှတ် A-07) မှာ Benzoic acid ပါဝင်မှုဟာ သတ်မှတ်ပမာဏ 1000 mg/kg ထက် ကျော်လွန်ပြီး 1134.19 mg/kg အထိ ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ K & K စားသောက်ကုန်လုပ်ငန်းက ထုတ်လုပ်တဲ့ 300 ml ဘူးအရွယ်အစား K & K ခွန်အားဖြည့်အချိုရည် (နမူနာအမှတ် A-19) မှာလည်း Benzoic acid 851.46 mg/kg (သတ်မှတ်ချက် 250 mg/kg) နဲ့ Sodium Cyclamate 973.69 mg/kg (သတ်မှတ်ချက် 350 mg/kg) အထိ ကျော်လွန်ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒီထုတ်ကုန် နှစ်မျိုးစလုံးမှာ ရက်စွဲအမှတ်အသား ဖော်ပြထားတာမရှိသလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် ထပ်ဖြည့်ပစ္စည်းတွေ သတ်မှတ်ချက်ထက် ပိုမိုပါဝင်နေတာကြောင့် ဈေးကွက်အတွင်းကနေ ပြန်လည်ရုပ်သိမ်းစေဖို့ FDA က အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။








