Border News Agency
ရန်ကုန်၊ နိုဝင်ဘာ ၂၅။
အစားအသောက်တွေမှာ သုံးစွဲခွင့်မပြုထားတဲ့ ဓာတုဆိုးဆေးတွေ ပါဝင်နေတာကြောင့် ‘1
23′ ဇီးဖြူသီးယိုနဲ့ ‘ရွှေသင်းသူ’ ဟင်းခတ်အရောင်တင်မှုန့်၊ သဘာဝနနွင်းမှုန့်စစ်စစ်တို့ဟာ စားသုံးဖို့မသင့်ကြောင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးကြေညာထားပါတယ်။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ အနှိပ်တော်ရပ်ရှိ ‘123’ ယိုစုံလုပ်ငန်းက ထုတ်လုပ်တဲ့ 123 အမှတ်တံဆိပ် ဇီးဖြူသီးယို (Plastic Pack) မှာ သုံးစွဲခွင့်မပြုဆိုးဆေး Auramine – O ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာရှိ “ဦးကျော်ဝင်း + ဒေါ်ကျင်လှိုင် ကျောက်ဖူးပွဲရုံနှင့် အမှုန့်ကြိတ်လုပ်ငန်း” က ထုတ်လုပ်တဲ့ ရွှေသင်းသူ အမှတ်တံဆိပ် ဟင်းခတ်အရောင်တင်မှုန့်မှာ ဆိုးဆေး Rhodamine – B နဲ့ သဘာဝနနွင်းမှုန့်စစ်စစ်မှာ ဆိုးဆေး Auramine – O တို့ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒီထုတ်ကုန် သုံးမျိုးစလုံးမှာ ရက်စွဲအမှတ်အသား ဖော်ပြထားတာမရှိသလို ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ခွင့်မပြုဆိုးဆေးတွေ ပါဝင်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဝယ်ယူစားသုံးခြင်း မပြုကြဖို့ FDA က သတိပေးထားပါတယ်။










