Border News Agency
ဘန်ကောက်၊ နိုဝင်ဘာ ၂၄။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ လတ်ဖရောင်နယ်မြေမှာ ဇနီးဖြစ်သူ မြန်မာအမျိုးသမီးကို သတ်ဖြတ်ပြီး ရုပ်အလောင်းကို အပိုင်းပိုင်းဖြတ်ကာ အမှိုက်ပုံအနီး စွန့်ပစ်ထွက်ပြေးနေတဲ့ အသက်နှစ်ဆယ့်တနှစ်အရွယ် မြန်မာနိုင်ငံသားဘယာဆိုလိုင်ကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဆမွတ်ဆာခွန်ပြည်နယ်အတွင်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
လတ်ဖရောင် ၁၀၉ လမ်းသွယ်အဆုံးရှိ အမှိုက်ပုံကနေ အနံ့ဆိုးတွေ ထွက်ပေါ်လာတာကြောင့် ဒေသခံတွေက ရဲတပ်ဖွဲ့ဆီအကြောင်းကြားခဲ့ပြီးနောက် မြေဩဇာအိတ်နဲ့ ပလတ်စတစ်အိတ်တွေထဲ ထည့်သွင်းစွန့်ပစ်ထားတဲ့ ရုပ်အလောင်းအစိတ်အပိုင်းတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
CCTV မှတ်တမ်းတွေအရ နိုဝင်ဘာလ ၁၈ ရက်၊ ညပိုင်းမှာ သံသယရှိသူက အခန်းအတွင်းကနေ အိတ်တွေကို သုံးကြိမ်တိုင် သယ်ထုတ်စွန့်ပစ်ခဲ့တာကို ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိချိန်မှာလည်း CCTV မှတ်တမ်းပါ စွန့်ပစ်သူဟာ သူကိုယ်တိုင်ဖြစ်ကြောင်း ဘယာဆိုလိုင်က ဝန်ခံထွက်ဆိုခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းအသေးစိတ်ကို ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေသလို ပျောက်ဆုံးနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ဆက်လက်ရှာဖွေနေပါတယ်။













