Border News Agency
မောင်တော၊နိုဝင်ဘာ ၂၄။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ဟာ တဖက်သတ်သုံးသပ်ဆုံးဖြတ်ထားတာဖြစ်ပြီး ရခိုင်ပြည်အတွင်းရှိ မူရင်းဌာနေတိုင်းရင်းသားလူမျိုးတွေရဲ့ မွေးရာပါအခွင့်အရေးကို ချိုးဖောက်ရာရောက်တာကြောင့် ကန့်ကွက်တယ်လို့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) က နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ်ပြန်ပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကိုတရားစွဲဆိုထားတဲ့ အမှုအပေါ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ICJ က စီရင်ချက်ချမှတ်ခဲ့ရာမှာ အဓိကအချက် ၁၃ ချက်ပါဝင်ပြီး တရားသူကြီး ၁၅ ဦးလုံး သဘောတူညီစွာဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ အများစု ၉ ဦးနဲ့ အနည်းစု ၆ ဦး သဘောထားကွဲလွဲခဲ့တာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီအမှုမှာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်အတွင်း ဘင်္ဂါလီ (မူဆလင်) အကြမ်းဖက်အုပ်စုတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကနေစတင်ခဲ့တာကိုချန်လှပ်ပြီး တဖက်သတ်စီရင်ဆုံးဖြတ်ခဲ့သလို နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက်လည်း မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ICJ ရဲ့ ဆုံးဖြတ်ချက်မှာ ဘင်္ဂါလီ (မူဆလင်) တွေရဲ့ အခွင့်အရေးကိုသာ တဖက်သတ်သုံးသပ်ဆုံးဖြတ်ထားတာကြောင့် မူရင်းဌာနေတိုင်းရင်းသားတွေရဲ့ အသက်ရှင်ရပ်တည်နိုင်ရေးကို ခြိမ်းခြောက်ရာရောက်စေသလို မူရင်းဌာနေတိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေအကြားအေးချမ်းစွာအတူတကွ ပြန်လည်နေထိုင်နိုင်ရေးနဲ့ လူမှုသဟဇာတဖြစ်မှုတို့ကို များစွာထိခိုက်စေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် RNP အနေနဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ ရခိုင်ပြည်အတွင်းက မူရင်းဌာနေတိုင်းရင်းသားလူမျိုးတွေရဲ့ ဘဝလုံခြုံရေးတို့ကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်သွားမယ်လို့လည်းဆိုပါတယ်။







