Border News Agency
နယူးယောက်၊ နိုဝင်ဘာ ၂၄။
မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုတယ်လို့ သြစတြေးလျ၊ ကနေဒါနဲ့ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။
အဲဒီစီရင်ချက်ဟာ ပြစ်မှုကျူးလွန်ခံရသူတွေနဲ့ ကျန်ရစ်သူတွေအတွက် တရားမျှတမှုဖော်ဆောင်နိုင်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ အရေးကြီးတဲ့ခြေလှမ်းတရပ်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအပြင် ဒီဆုံးဖြတ်ချက်ဟာ လက်ရှိမြန်မာနိုင်ငံမှာ ဆက်လက်ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ်မှာလည်း သက်ရောက်မှုရှိပြီး ပြစ်မှုကျူးလွန်ပြီး အပြစ်ဒဏ်ကနေ ကင်းလွတ်နေတာမျိုးကို လက်မခံဘူးဆိုတာပြသနေတယ်လို့ဆိုပါတယ်။
နှစ်ပေါင်းများစွာ အကြမ်းဖက်ဖိနှိပ်ခံရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ ဆန္ဒအလျောက်လုံခြုံဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးဆောင်ရွက်ဖို့က မရှိမဖြစ်အရေးကြီးတယ်လို့လည်း ပူးတွဲကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ခုပူးတွဲကြေညာချက်ကို သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဆိုက်ပရပ်၊ ချက်သမ္မတနိုင်ငံ၊ အက်စတိုနီးယား၊ အိုက်စ်လန်း၊ လတ်ဗီးယား၊ လူဇင်ဘတ်၊ နယူးဇီလန်၊ ပေါ်တူဂီ၊ စပိန်၊ ဂမ်ဘီယာနဲ့ ဗြိတိန်နိုင်ငံခြားရေးဌာနတွေက ပူးတွဲလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။






