Border News Agency
ကွတ်ခိုင်၊ ဇူလိုင် ၃၀ ။
ကွတ်ခိုင်မြို့ကို ဇူလိုင် ၃၀ ရက်၊ဒီနေ့မနက်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ၁ နာရီအချိန်ခန့်ကကွတ်ခိုင်မြို့ ရပ်ကွက်၂ ရှိရာစုသစ်ဟိုတယ် ကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ဟိုတယ်အနီးရှိနေအိမ်က သက်ကြီးရွယ်အိုတဦး၊ ကလေးငယ်တဦးအပါအဝင်ငါးဦးသေဆုံးပြီးရှစ်ဦးဒဏ်ရာရသွားတယ်လို့ ဆိုကြပါတယ်။
အဲဒီမိုးကုတ်မြို့ကို ဇူလိုင်လ ၂၉ရက်၊မနေ့ကလည်းစစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးသေဆုံးပြီးကိုးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင်မိုင်းလုံမြို၊ခန်နီရပ်ကွက်သို့မနေ့ညနေ ၅ နာရီခွဲအချိန်ခန့်ကလည်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦးသေဆုံးပြီး နေအိမ် ခုနှစ်လုံးပျက်စီးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ကဟာ ဇူလိုင်လအတွင်းမှာ ကျောက်မဲ၊မိုင်းငေါ့၊နောင်ချို၊သီပေါနဲ့ မိုးကုတ်မြိုနယ်တွေကို လေကြောင်းမှ နှစ်ဆယ့်ရှစ်ကြိမ်ထိတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်တာတွေကြောင့် ကလေးငယ်နှစ်ဦး၊အမျိုးသားဆယ့်သုံး ဦး၊စုစုပေါင်းဆယ့်ငါးဦးသေဆုံးခဲ့ပြီး လေးဆယ်ရှစ်ဦးဒဏ်ရာရသွားသလို နေအိမ်ခုနှစ်ဆယ်ခြောက်လုံး၊ စာသင်ကျောင်းနှစ်ကျောင်းနဲ့ ဘုန်းကြီးကျောင်း နှစ်ကျောင်းလည်းပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော်ကထုတ်ပြန်ထားပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။