သိမ်းစံရေးတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေ မောင်တောအခြေစိုက် Border News Agency ရဲ့အမျိုးသမီးသတင်းထောက်မုဒြာဟာ ဒေသအာဏာပိုင်တွေရဲ့ဖမ်းဆီးထိန်းသိမ်းမှုကိုခံထားရတာ ဒီနေ့ဆိုရင် အချိန်တပတ်ပြည့်သွားခဲ့ပါပြီ။
သူမကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ထောက်လှမ်းရေးအဖွဲ့က စက်တင်ဘာလ၂၀ ရက်နေ့က ခေါ်ဆောင်သွားတာလို့ Border News Agency က ထုတ်ပြန်ထားပါတယ်။
သူမမိသားစုဝင်တွေရဲ့စိုးရိမ်ပူပန်မှုအပေါ်မှာ လူသားချင်းစာနာမှုနဲ့နိုင်ငံတ ကာဥပဒေတွေကို အလေးထားပြီး ပြန်လွှတ်ပေးဖို့ Border News Agency က မေတ္တာရပ်ခံထားပါတယ်။
အာရက္ခတပ်တော်ဟာ အာရက္ခဒေသရဲ့ နယ်မြေကိုးဆယ်ရာခိုင်နှုန်းခန့်ကို အ ပြီးသိမ်းပိုက်ထိန်းချုပ်ပြီးနောက် သတင်းသမားတဦးကို ဖမ်းဆီးထိန်းသိမ်းထားတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အာရက္ခတပ်တော်က တရားဝင်သတင်းထုတ်ပြန်တာမရှိပေမယ့် ပြောရေးဆိုခွင့်ရှိသူခိုင်သုခကတော့ သတင်းထောက်ကို ဖမ်း ဆီးထားတာမဟုတ်ဘဲ အများပြည်သူလုံခြုံရေးအတွက် ခေါ်ယူစစ်ဆေးနေတာသာဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနကို စက်တင်ဘာလ ၂၄ ရက်နေ့က ပြောဆိုထားပါတယ်။
“ဒီသတင်းထောက်အမျိုးသမီးဟာ စစ် ပွဲကာလလိုက်နာရမယ့်စည်းဘောင်တွေကိုကျော်ပြီးတော့ အများပြည်သူလုံခြုံ ရေးကိုထိခိုက်စေတဲ့အပြောအဆိုအလု ပ်အကိုင်တွေကိုလုပ်တဲ့အတွက်ကြောင့် သူ့ကို ကျွန်တော်တို့စောင့်ကြည့်နေတာကြာပါပြီ။အခုအချိန်မှာ အများပြည်သူလုံခြုံရေးအတွက် ခေါ်ယူစီစစ်ဖို့လိုတဲ့အတွက်ကြောင့် ကျွန်တော်တို့လုံခြုံရေးတာဝန်ရှိဌာနအနေနဲ့ခေါ်ယူစီစစ်နေတာသာဖြစ်ပါတယ်။သူ့ကိုဖမ်းဆီးထားတာမျိုးမဟုတ်ပါဘူး။” လို့ ပြောရေဆိုခွင့်ရှိသူ ခိုင်သုခက ဧရာဝတီသတင်းဌာနကိုဖြေဆိုထားပါတယ်။
အဲဒီပြောဆိုချက်မှာအဓိကအချက်နှစ်ချက်ကိုတွေ့ရပါတယ်။
ပထမအချက်က သတင်းထောက်ကို ဖမ်းထားတာမဟုတ်ဘူးဆိုတာနဲ့ ဒုတိယအချက်ကသတင်းထောက်ဟာ စစ်ပွဲကာလလိုက်နာရမယ့်စည်းဘောင်တွေကို ကျော်ပြီးတော့လုပ်တယ်ဆိုတဲ့ အချက်ပါ။
အဲဒီအထဲက ပထမအချက်ဖြစ်တဲ့ သတင်းထောက်ကို အာရက္ခတပ်တော်က ဖမ်းဆီးထားတာ ဟုတ်၊ မဟုတ် အရင် ကြည့်ကြရအောင်ပါ။
ဖမ်းဆီးတာလား၊ ခေါ်ယူထားတာလား။
မြန်မာအဘိဓာန်မှာ ဖမ်းဆီးတယ်ဆိုတာ…
၁။ မလွတ်ထွက်အောင်အမိအရချုပ်ကိုင်တာ။
၂။ တရားဥပဒေနဲ့ ငြိစွန်းလို့ ထိန်းသိမ်းတာ၊ထိန်းသိမ်းချုပ်နှောင်တာ” လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
နိုင်ငံတကာအဘိဓာန်တချို့မှာလည်း ဖမ်းဆီးတယ်ဆိုတာဟာ ဥပဒေအရ အခွင့်အာဏာနဲ့ဖြစ်စေ၊ဝရမ်းနဲ့ဖြစ်စေ (လူတဦးကို)ဖမ်းဆီးပြီး ထိန်းသိမ်းချုပ်နှောင်တာကိုဆိုလိုတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်ပုဒ်မ – ၄၆(၁) မှာလည်း ဖမ်းဆီးရာမှာ ဖမ်းဆီးခံရမယ့်သူဟာ အသာတကြည်အဖမ်းခံမယ့်ကိုယ်အမူအရာ၊နှုတ်အမူအရာမပြခဲ့ရင် ဖမ်းဆီးတဲ့ရဲအရာရှိ ဒါမှမဟုတ် တခြားဖမ်းဆီးသူဟာ မိမိဖမ်းဆီးရမယ့်သူကို ကိုယ်ထိလက်ရောက်ချုပ်နှော င်ဖမ်းဆီးရမယ်လို့ ပြဌာန်းထားပါတ ယ်။
ဖမ်းဆီးတယ်ဆိုတာဟာ လူတဦးရဲ့လွ တ်လပ်စွာသွားလာခွင့်ကို ဥပဒေ ဒါမှမဟုတ် အာဏာနဲ့ ပိတ်ပင်ထားတာ၊ကို ယ်ခန္ဓာကို ချုပ်နှောင်တာ ဒါမှမဟုတ် အတင်းအကျပ် တနေရာကို ခေါ်ဆော င်သွားတာကို ပြောလိုတာဖြစ်ပါတယ်။
အထက်ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ ဥပဒေပြဌာန်းချက်တွေအရ သတင်း ထောက် မုဒြာကို အာရက္ခတပ်တော်က ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။
တပတ်ကြာလာတဲ့ဖမ်းဆီးမှု
သတင်းထောက်မုဒြာကို အာရက္ခတပ်တော်က ဖမ်းဆီးထိန်းသိမ်းထားတာ အချိန်တပတ်ထိကြာလာပေမယ့် သူမရဲ့ နောက်ဆက်တွဲအခြေအနေကို တရားဝင်သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။
သူမဖမ်းဆီးခံရပြီး သုံးရက်အကြာ စက်တင်ဘာလ ၂၂ ရက်နေ့မှာ မိသားစုနဲ့တွေ့ ခွင့်ရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီနောက်ပိုင်းအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ – ၆၁ မှာတော့ ဘယ်ရဲအရာရှိကမှ ဝရမ်းမပါဘဲ ဖမ်းဆီးထားသူတဦးကို အမှုရဲ့ဘယ်အ ခြေအနေမှာမဆို လိုအပ်တဲ့အချိန်ထက်ပိုပြီး ချုပ်နှောင်မထားရ၊အဲဒီလိုချုပ်နှောင်ထားဖို့ အချိန်ဟာလည်း ပုဒ်မ – ၁၆၇ အရ ရာဇဝတ်တရားသူကြီးတစ်ဦးရဲ့ အထူးအမိန့်မရရှိရင် အဲဒီလို ဖမ်းဆီးတဲ့နေရာကနေ ရဲစခန်းနဲ့အဲဒီကနေ ရာဇဝတ်တရားသူကြီးရဲ့ တရားရုံးကို သွားရောက်ရမယ့်ခရီးအတွက် လိုအပ်မယ့်အချိန်ကိုနှုတ်ပြီး နှစ်ဆယ့်လေးနာရီထက်မပိုစေရလို့ ပြဋ္ဌားန်းထားပါတယ်။
ဒီပုဒ်မအရ တရားသူကြီးရဲ့ အမိန့်မရဘဲ လူတဦးကို ၂၄ နာရီထက်ပိုပြီးတော့ချုပ်နှောင်ထားခွင့် မရှိပါဘူး။
အာရက္ခတပ်တော်ရဲ့ပြောရေးဆိုခွင့်ရှိ သူက သတင်းထောက်မုဒြာကို ဖမ်းဆီးထားတာမဟုတ်ဘူးလို့ ပြောဆိုပေမယ့်လက်တွေ့မှာအချိန်တပတ်ကြာလာတဲ့ထိ ဆက်ပြီးချုပ်နှောင်ထားတာဟာ ဥပဒေရှုထောင့်အရ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
သတင်းထောက်ကို ဖမ်းဆီးမှုက ဥပဒေနဲ့ညီသလား
၂၀၁၄ ခုနှစ်က ပြဋ္ဌားန်းခဲ့တဲ့ သတင်းမီဒီယာဥပဒေပုဒ်မ – ၇ မှာ သတင်းမီဒီယာသမားတဦးဟာ စစ်မက်ဖြစ်ပွားရာဒေသ၊အရေးအခင်း၊အဓိကရုဏ်း၊အ များပြည်သူဆန္ဒပြရာနေရာဒေသတွေမှာ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းကသတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ သတင်းရယူရာမှာ…
- (က) လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတရပ်ရပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းမှု၊သတင်းမှ တ်တမ်းစတဲ့ သတင်းရယူမှုနဲ့သက်ဆိုင်တဲ့ကိရိယာတွေကို သိမ်းယူခံရမှုနဲ့ဖျက် ဆီးခံရမှုတွေကကင်းလွတ်စေရမယ်။
- (ခ) လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေရှိရင် သူတို့ရဲ့ကာကွယ်စောင့်ရှောက်မှုကို တောငျးခံခှငျ့ရှိစရေမယျလို့ပွဋ်ဌားန်းထားပါတယ်။
အမျိုးသမီးသတင်းထောက်မုဒြာဟာ အာရက္ခတပ်တော်ထိန်းချုပ်ရာဒေသမှာ အများပြည်သူအတွက် သတင်းအလုပ်ကိုတရားဝင်လုပ်ကိုင်နေတာဖြစ်လို့ ဒီပုဒ်မရဲ့အခွင့်အရေးကိုရရှိရမှာဖြစ်ပါ တယ်။
တကယ်လို့ သတင်းထောက်တဦးက သတင်းအလုပ်တွေမှာ ကျင့်ဝတ်ကိုချိုးဖောက်ခဲ့ရင်တောင် သတင်းမီဒီယာဥပ ဒေနဲ့သာ ကိုင်တွယ်ဆောင်ရွက်သင့်ပါတယ်။
အပြည်ပြည်ဆိုင်ရာလူသားချင်စာနာမှုဆိုင်ရာဥပဒေ (International Humanitarian Law)အရလည်း လက်န က်ကိုင်ပဋိပက္ခဒေသတွေမှာ တာဝန်ထ မ်းဆောင်နေတဲ့ ပရော်ဖက်ရှင်နယ်သ တင်းသမားတွေကို အရပ်သားများအ ဖြစ် သတ်မှတ်ပြီးစစ်မက်ဖြစ်ပွားမှုတွေမှာ တိုက်ရိုက်မပါဝင်သရွေ့ အကာအ ကွယ် ပေးရပါမယ်။
ဒီလိုအကာအကွယ်ပေးရမယ်ဆိုတာကို ဂျီနီဗာ သဘောတူညီချက်နောက်ဆက် တွဲပရိုတိုကော ၁ ရဲ့ အပိုဒ် ၇၉ မှာလ ည်းအတိအလင်းပြဋ္ဌားန်းထားပါတယ် ။
ဒါကြောင့် အာရက္ခတပ်တော်ပြောရေး ဆိုခွင့်ရှိသူခိုင်သုခရဲ့“သတင်းထောက်ဟာ စစ်ပွဲကာလလိုက်နာရမယ့်စည်းဘောင်တွေကို ကျော်ပြီးတော့လုပ်တ ယ်။”ဆိုတဲ့ အကြောင်းပြချက်ဟာ သ တင်းသမားကို အကာအကွယ်ပေးရမယ့်အပြည်ပြည်ဆိုင်ရာဥပဒေတွေနဲ့ညီ၊ မညီကိုပါ ပြန်လည်ဆန်းစစ်ရမှာဖြစ်ပါတယ်။
သတင်းထောက်မုဒြာအတွက် နိုင်ငံတကာရဲ့တောင်းဆိုမှုတွေ
သတင်းထောက်မုဒြာကို အာရက္ခတပ်တော်ကဖမ်းဆီးပြီး လေးရက်အကြာ စက်တင်ဘာလ ၂၃ ရက်နေ့မှာ နယူးယောက်အခြေစိုက်သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ)က ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
“မြန်မာ့ပြည်တွင်းစစ်မှာ တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းအားလုံးဟာ သတင်းသ မားတွေရဲ့ရေးသားဖော်ပြမှုတွေအတွ က်လက်တုံ့ပြန်တဲ့အနေနဲ့ပစ်မှတ်မထားဖို့နဲ့သူတို့ကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။” လို့ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာအကြီးတန်းကိုယ်စားလှယ်ရှောင်ခရစ်စပင်(Shawn Crispin)က ပြောပါတယ်။
“အာရက္ခတပ်တော်အနေနဲ့သတင်းထောက် မုဒြာကို ခုချက်ချင်းပြန်လွှတ် ပေးရမှာဖြစ်ပြီးသတင်းသမားအားလုံးကိုလည်း ရခိုင်ပြည်နယ်ရှိ ပဋိပက္ခအခြေအနေကို လွတ်လပ်စွာသတင်းရယူဖော်ပြခွင့်ပြုရမယ်။” လို့ သူက ဆက်ပြောပါတယ်။
အဲဒီအပြင်အာရက္ခတပ်တော်ထိန်းသိမ်းထားတဲ့ အမျိုးသမီးသတင်းထောက်မုဒြာကို ပြန်လွှတ်ပေးဖို့လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအ ရုံး(IMJA)က စက်တင်ဘာလ ၂၃ ရက်နေ့က တောင်းဆိုထားပါတယ်။
သူမဟာ မိသားစုနဲ့အဆက်သွယ်ပြတ်တောက်သွားခဲ့တဲ့အတွက် သူမရဲ့ဘေးကင်းလုံခြုံရေးကိုစိုးရိမ်ပူပင်ကြောင့် လွတ်လပ်သောမြန်မာ့သတင်းထောက်အသင်း(IMJA)က ဆိုထားပါတယ်။
အာရက္ခတပ်တော်လို ဒီမိုကရေစီအဖွဲ့အစည်းတခုအတွင်းသတင်းသမားတွေရဲ့အဓိကအခန်းဏ္ဍကိုအသိအမှတ်ပြုဖို့၊သတင်းသမားတွေကိုကာကွယ်စောင့် ရှောက်ရမယ့်လိုအာမခံတဲ့အပြည်ပြည်ဆိုင်ရာဥပဒေတွေကို လေးစားဖို့၊သူမကို ကန့်သတ်ချက်မရှိပြန်လွှတ်ပေးဖို့လွတ်လပ်သောမြန်မာ့သတင်းထောက်အသင်း(IMJA)က တောင်းဆိုထားပါတယ်။
နောက်ပြီး နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ်(IFJ)ကလည်း ပြည်တွင်းမိတ်ဖက်အဖွဲ့ဖြစ်တဲ့ မြန်မာသတင်း ထောက်များကွန်ရက်(MJN)နဲ့အတူ သ တင်းထောက်မုဒြာကို ချက်ချင်းလွှတ် ပေးဖို့ စက်တင်ဘာလ ၂၅ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။
“သတင်းသမားတွေဟာ သူတို့ရဲ့သတ င်းရေးသားဖော်ပြမှုတွေအတွက် လက် တုံ့ပြန်တဲ့အနေနဲ့ ဘယ်အခါမှ ပစ်မှတ်ထားခြင်းမခံရသင့်ပါ။IFJအနေနဲ့အာရက္ခတပ်တော်က မုဒြာကိုချက်ချင်းပြန်လွှတ်ပေးဖို့ တိုက်တွန်းပါတယ်။မြန်မာ့ပြည်တွင်းစစ်မှာပါဝင်ပတ်သက်နေသူအားလုံး ပဋိပက္ခအကြောင်းရေးသားဖော်ပြနေတဲ့အရေးပါတဲ့အသံတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကို အလေးအနက်ပြောကြားလိုပါတယ်။” လို့ IFJ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးမှု၊ ထောင်ချမှု အဆိုးရွားဆုံးနိုင်ငံတွေထဲကတနိုင်ငံအဖြစ်အမြဲသတ်မှတ်ခံထားရပါတယ်။
CPJ က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အချ က်အလက်တွေအရ မြန်မာနိုင်ငံမှာ သတင်းသမား ၃၅ ဦး အကျဉ်းကျခံနေရပြီး ကမ္ဘာပေါ်တွင် သတင်းသမားတွေကို တတိယအများဆုံး ထောင်သွင်းအ ကျဉ်းချတဲ့နိုင်ငံအဖြစ်ရပ်တည်နေပါတယ်။
ဒီအချက်အလက်တွေက သတင်းမီဒီယာတွေဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေမှာ ဖြတ်သန်း လုပ်ကိုင်နေကြရတယ်ဆိုတာကို ပြသနေပါတယ်။
ဒါကြောင့် အာရက္ခတပ်တော်ဟာနိုင်ငံ တကာအသိအမှတ်ပြုမှုကိုရဖို့ ကြိုးပ မ်းနေချိန်မှာ မဖြစ်မနေအကာအကွယ်ပေးရမယ်လို့ နိုင်ငံတကာရဲ့သတ်မှတ်မှုကိုခံထားရတဲ့ သတင်းမီဒီယာသမားတဦးကို ပြန်မလွှတ်ဘဲဆက်လက်ဖမ်းဆီးထားမယ်ဆိုရင် ဂုဏ်သတင်းဆိုင်ရာထိ ခိုက်မှုကြုံလာရနိုင်သလို နိုင်ငံတကာဖိအားတွေ၊ပြစ်တင်ဝေဖန်တာတွေကိုခံရနိုင်တာမို့ အမျိုးသမီးသတင်းထောက်မုဒြာကို အမြန်ဆုံးပြန်လွှတ်ပေးသင့်ပါတော့တယ်။