Border News Agency
မြောက်ဦး၊ ဇန်နဝါရီ ၁။
တိဘက်ဒေသရပ်ဝန်းကိုကြည့်ပါက မြောက်ဘက်ခွန်လွန်တောင်တန်း (Kunlun Mountain)နှင့် တောင်ဘက် ဟိမဝန္တာတောင်တန်း (Himalayas Mountain) ကြားတွင် ရှိနေသည်။
တိဘက်စကားပြောအနွယ်များ၏ နေထိုင်ရာဒေသသည် နိုင်ငံငါးခုတွင်တည်ရှိသည်။
ထိုနိုင်ငံများသည် တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ပါကစ္စတန်ဖြစ်သည်။
တရုတ်မှလွဲ၍အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ပါကစ္စတန်နှင့် တိဘက်နယ်ချင်းထိစပ်သောနေရာမှာ ဟိမဝန္တာတောင်တန်းတလျှောက်ဖြစ်သည်။
ဟိမဝန္တာတောင်တန်းကား အိန္ဒိယ၏မြောက်ဘက်တွင် တည်ရှိသည်။
အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာဒေသများမှာ တိဘက်အနွယ်ဝင်များ၏ဌာနေဖြစ်သည်။
လာဒက်(Ladakh)”လရောင်ကမ္ဘာ”ဟုတင်စားရသော ထိုဒေသ၏ယဉ်ကျေးမှုသည် တိဘက်နှင့်အတူတူပင်ဖြစ်သည်။
လာဒက်သည်အိန္ဒိယတွင် တိဘက်အနွယ်ဝင်အများဆုံးနေရာဖြစ်ပြီး”တိဘက်ငယ်” (Little Tibet) ဟုပင်တင်စားကြသော နေရာဖြစ်သည်။ လာဒက်အား အိန္ဒိယဗဟိုအစိုးရမှတိုက်ရိုက်ကိုင်တွယ်သည်။
ဆစ်ကင် (Sikkim) ကား တိဘက်အနွယ်ဝင် ဘူတီးယား (Bhutia) လူမျိုးများ၏ ဌာနေဖြစ်သည်။ အာရူနာချာပရာဒေ့ရှ် (Arunachal Pradesh)ကား တိဘက်အနွယ်ဝင် မွန်ပါ (Monpa) လူမြိုးစုမြားကဲ့သို့ သူများနေထိုင်သည်။
ဟီမာချယ်လ်ပရာဒေ့ရှ် (Himachal Pradesh)၏ မြောက်ဘက် အပေါ်ပိုင်းရှိ လာဟောလ်နှင့် စပီတီ (Lahaul and Spiti)ခရိုင်ဒေသများမှာ တိဘက်ယဉ်ကျေးမှု နယ်မြေများဖြစ်သည်။
ဟိမာချယ်လ်မရာဒေရှ့်ရှိ ကင်နောရ် (Kinnaur )ဒေသသည်လည်း တိဘက်ယဉ်ကျေးမှုရောနှောသော မျိုးနွယ်စုများရှိရာနေရာဖြစ်သည်။
ဓမ္မသာလာ(Dharamshala)မြို့အား တိဘက်အဝေးရောက်အစိုးရအခြေစိုက်ရာနေရာအဖြစ်လူသိများသည်။
အက်ထရာခန်း(Uttarakhand)ပြည်နယ်၏ ဟိမဝန္တာတောင်တန်း နယ်စပ်ဒေသများတွင် ဘိုတီးယား (Bhotia) လူမျိုးစုများ နေထိုင်ကြသည်။
အနောက်ဘင်္ဂလားပြည်နယ် (West Bengal)၏ ဒါဂျီလင်ဒေသ
ဒါဂျီလင်(Darjeeling)နှင့် ကာလင်ပွန် (Kalimpong)ဒေသများတွင် တိဘက်နွယ်ဖွားများ အမြောက်အမြားနေထိုင်ကြသည်။
အိန္ဒိယဟိမဝန္တာတောင်တန်းတလျှောက်(Himalayan Belt)ဖြစ်သော အနောက်ဘက်အစွန်း လာဒက်မှအရှေ့ဘက်အစွန်းအရုနီချယ်ပရာဒေ့ရှ်ထိ နယ်စပ်ဒေသအားလုံးနီးပါးတွင် တိဘက်အနွယ်ဝင်မျိုးနွယ်စုများ ပြန့်နှံ့နေထိုင်တည်ရှိနေကြသည်။
နီပေါနိုင်ငံမြောက်ပိုင်း၊ ဟိမဝန္တာတောင်တန်းနှင့်ထိစပ်နေသော ဒေသများတွင်ရှာပါ(Sherpa)ကဲ့သို့ တိဘက်အနွယ်ဝင်များ နေထိုင်ကြသည်။
ရှာပါများအား ကမ္ဘာကျော်တောင်တက်သမားများအဖြစ်လူသိများသည်။
နီပေါနိုင်ငံရှိ မူစတန်း (Mustang) ဒေသကား ရှေးဟောင်းတိဘက်ယဉ်ကျေးမှုများအကောင်းအတိုင်း ယခုတိုင်ကျန်ရှိနေသေးသော တားမြစ်နယ်မြေဖြစ်ခဲ့သည်။
ဘူတန်နိုင်ငံ(Bhutan)သည်လည်း တိဘက်အနွယ်ဝင်များ တည်ထောင်ထားသောနိုင်ငံဖြစ်သည်။
ပါကစ္စတန်နိုင်ငံ (Pakistan) မြောက်ပိုင်း ဂီလ်ဂစ်-ဘော်လ်တီစတန် ဒေသရှိဘော်လ်တီ (Balti)လူမျိုးများသည်လည်း တိဘက်အနွယ်ဝင်ဌာနေရှိ ယိုက်မွတ်ဆလင်များ ဖြစ်ကြသည်။
တောင်အာရှ၏အင်အားကြီး အိန္ဒိယနှင့်တရုတ်တို့၏အားပြိုင်မှုသည် ဟိမဝန္တာဒေသတလျှောက်တွင် ပြင်းထန်နေမည်ကို ဤပထဝီဝင်အရှိတရားက ပြောပြနေသည်။
ဆွဲသွင်းခြင်း၊ တွန်းပို့ခြင်းနှင့်ခိုဝင်ခြင်း
တိဘက်အုပ်စု မိခင်ဘာသာစကားပြောသူများတည်ရှိရာနေရာဒေသအသီးသီး၏ ဖြစ်စဉ်ကိုကြည့်ပါက ဆွဲသွင်းဝါးမြိုချခံရမှု၊ တွန်းပို့ခံရမှုနှင့်ခိုဝင်မှုစသည့် နိုင်ငံရေးဖြစ်စဉ်များကို တွေ့ရမည်ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီမှ တိဘက်ဒေသအားသိမ်းပိုက်ပါက ဆွဲသွင်းဝါးမြိုလိုက်မှာဖြစ်သည်။
ဆစ်ကင်းအနေဖြင့် သီးခြားဘုရင်နိုင်ငံဘဝမှ အိန္ဒိယ၏ထီးရိပ်ခိုပြည်နယ်ဖြစ်သွားမှုမှာ တွန်းပို့ခံရခြင်းဖြစ်သည်။
ဘူတန်အနေဖြင့် အိန္ဒိယအစောင့်အရှောက်ခံအဖြစ်နေလိုမှုသည် ရင်ငွေ့လုံခြင်းဖြစ်သည်။
အရုနီချယ်လ် ပရာဒေ့ရှ်ပြည်နယ်ကိစ္စတွင်ဆွဲသွင်းခြင်း၊ တွန်းပို့ခြင်းနှင့်ခိုဝင်ခြင်းများနှင့်လည်းဆိုင်သောအချက်ရှိသလို မဆိုင်သောအချက်များလည်း ရှိနေသည်။
ပါဝါကြီးများကြားက တိဘက်
အရုနီချယ်လ် ပရာဒေ့ရှ်၏ ဖြစ်စဉ်ကိုကြည့်ပါက”အင်အားနည်းမှုနှင့် ပါဝါကြီးများအားရင်ဆိုင်ရခြင်း” ဖြစ်စဉ်ကိုရှူမြင်နိုင်ပါသည်။
အရုနီချယ်လ် ပရာဒေ့ရှ်ကို တရုတ်ကသူ့နယ်မြေဟု အစဉ်တစိုက်ဆိုနေသည်။
လက်ရှိ အရုနီချယ်လ်ပရာဒေ့ရှ်သည် အိန္ဒိယ၏ပြည်နယ်တခုအဖြစ် ရင်ငွေ့လုံနေသည်။ အရုနီချယ်လ် ပရာဒေ့ရှ်၏ ရင်ငွေ့လုံမှုကအိန္ဒိယနှင့် တရုတ်ကြားတွင် အခဲမကြေစရာ များကို ဆက်ရှိနေခဲ့သည်။
ရင်ငွေ့လုံခြင်းနှင့် အခဲမကြေစရာ ရှိနေခြင်း၏အကြောင်းရင်းခံကိုကြည့်ပါက မက္မာဟွန်မျဉ်း(McMahon Line)၏ သမိုင်းကြောင်းနောက်ခံကိုကြည့်ရမည်ဖြစ်သည်။
၁၉၁၄ ခုနှစ်၊ ဆမ်မလားသဘောတူဘီချက်(Simla Convention)အရ ဗြိတိသျှအိန္ဒိယနှင့်တိဘက်ကိုယ်စားလှယ်များက McMahon Line ကို နယ်နိမိတ်အဖြစ် သတ်မှတ်ခဲ့ကြသည်။
ထိုစဉ်တိဘက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အနေအထားတွင် ရှိနေခဲ့သည်။ တဖက်တွင် တရုတ်၏ဩဇာလွမ်းမိုးမှုဒဏ်ကို အကြီးအကျယ်ခံနေရသည်။ ဗြိတိသျှတို့ကလည်း တိဘက်၏ အချို့နေရာများကို သိမ်းယူထားပြီးပြီဖြစ်သည်။
တိဘက်၏အပေးအယူ (Geopolitical Bargain)
၁၉၁၄ခု နှစ် ဆမ်မလား သဘောတူညီချက်(Simla Convention )တွင်တိဘက် ဘက်ကမက်မာဟွန်မျဉ်း ( McMahon Line)ကို လက်မှတ်ထိုးခဲ့ရခြင်းမှာ နိုင်ငံရေးအရ “ကြည်ဖြူလွန်း၍”မဟုတ်ဘဲ”နိုင်ငံရေးအကျပ်ကိုင်ခံရမှုနှင့် အလဲအလှယ်လုပ်လိုမှု” ကြောင့်ဖြစ်သည်။
တိဘက်တို့ လိုချင်သောအလဲအလှယ်မှာ တရုတ်၏ဩဇာလွှမ်းမိုးမှုကနေ လွတ်မြောက်ရန်အတွက် ဗြိတိသျှ၏စစ်ရေး၊ နိုင်ငံရေးထောက်ခံမှုကို အလွန်အမင်းလိုအပ်နေ၍ ဖြစ်သည်။
မက်မာဟွန်မျဉ်း(McMahon Line )ကို လက်ခံပေးလိုက်ပါက ဗြိတိသျှဘက်ကတိဘက်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy)ကို အသိအမှတ်ပြုပေးမည်ဟု မျှော်လင့်နေကြသည်။
အရုနီချယ်လ်ပြည်နယ်၏ အစိတ်အပိုင်းဖြစ္သောတာဝမ် (Tawang)ဒေသသည် တိဘက်အတွက်အလွန်အရေးကြီးသည်။
တာဝမ်မှာ ဆဋ္ဌမမြောက်ဒလိုင်းလားမား မွေးဖွားရာမြေဖြစ်ပြီး တိဘက်ဗုဒ္ဓဘာသာ၏အထွတ်အမြတ်ထားရာ ဘုန်းကြီးကျောင်းကြီး ရှိသည်။
တာဝမ်က သမိုင်းစဉ်ဆက်လာဆာကို ပဏ္ဏာဆက်ရသည်။ မက်မာဟွန်မျဉ်းကြောင့် တာဝမ်မှာဗြိတိသျှအိန္ဒိယထဲ ပေးလိုက်ရခြင်းက တိဘက်အတွက်မချိတင်ကဲဖြစ်စရာပင်။
ဗြိတိသျှများကလည်း ဟိမဝန္တာတောင်တန်းကြီးကို သဘာဝတံတိုင်းကြီးအဖြစ်အသုံးချပြီး ၎င်းတို့သိမ်းပိုက်ထားသော အိန္ဒိယအားကာကွယ်ချင်ခဲ့သည်။
နယ်နိမိတ်ကို သတ်မှတ်သောအခါ ဒေသခံလူမျိုးစုများ၏ဆန္ဒထက်”ပထဝီဝင်အနေအထား(Water-parting Line) “နှင့်”ဗျူဟာမြောက်ကာကွယ်ရေး“ကိုသာ ဗြိတိသျှက ဦးစားပေးခဲ့သည်။
၁၉၄၀ ပြည့်လွန်ကာလများတွင် တိဘက်အစိုးရက မက်မာဟွန်မျဉ်းကို ပြန်လည်ကန့်ကွက်ကာ တာဝမ်ကိုတိဘက်ပိုင်နက်အဖြစ် ပြန်လည်တောင်းဆိုခဲ့သည်။
တရုတ်၏အကြောင်းပြချက်
တရုတ်ကတိဘက်အား ၎င်းတို့လက်အောက်ခံအဖြစ်သာ မှတ်ယူထားသည်။
တိဘက်သည် မက်မာဟွန်မျဉ်းအား သတ်မှတ်ရန်အချုပ်အခြာအာဏာမရှိ။
သူတွင်သာ ထိုအချုပ်အခြာအာဏာရှိသည်ဟု တရုတ်ကဆိုသည်။
သို့ဖြစ်၍ မက္မဟွန်မျဉ်းကိုအသိအမှတ်မပြုဟု တရုတ်ကဆိုသည်။
၁၉၅၀ ပြည့်နှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက တိဘက်အားစစ်ရေးအရသိမ်းပိုက်သောအခါ အိန္ဒိယအတွက် “Buffer State” (ကြားခံနယ်မြေ) ပျောက်ဆုံးသွားကာ အိန္ဒိယနှင့်တရုတ် ကြားတိုက်ရိုက်နယ်နိမိတ်ချင်း ထိစပ်သွားသည်။
တရုတ်အနေဖြင့် တိဘက်ကို သိမ်းပိုက်ပြီးနောက်”လက်ဝါးကြီးမှာ တိဘက်ဆိုလျှင် လက်ချောင်းငါးချောင်းသည် လာဒက်ခ်၊ နီပေါ၊ ဘူတန်၊ ဆစ်ကင်းနှင့်အရှေ့မြောက်နယ်ခြားဒေသ(ယခုအရုနီချယ်လ်)ဖြစ်သည်”ဆိုသော ပေါ်လစီကို ကျင့်သုံးလာတော့သည်။
တရုတ်က တိဘက်အပေါ် အပြည့်အဝ ထိန်းချုပ်လိုက်ပြီးနောက် ၁၉၅၉ ခုနှစ်တွင် ဒလိုင်းလားမားအိန္ဒိယကို ထွက်ပြေးခိုလှုံခဲ့ရသည်။
ဤသို့ဖြင့်နှစ်နိုင်ငံတင်းမာမှုမြင့်တက်ကာ ၁၉၆၂ ခုနှစ် စစ်ပွဲဖြစ်ပွားသည်။
တရုတ်စစ်တပ် အရုနီချယ်လ်ပရာဒေရှ့်ထဲ အကြီးအကျယ်ကျူးကျော်ခဲ့သည်။
သို့သော် တရုတ်စစ်ပွဲအပြီးနောက် ပြန်ဆုတ်သွားခဲ့ရသည်။
အိန္ဒိယဘက်မှ အရုနီချယ်လ်ပရာဒေရှ့်နယ်မြေအား စစ်ရေး၊ အုပ်ချုပ်ရေးအရ ပိုမိုခိုင်မာအောင်လုပ်ဆောင်ခဲ့ပြီး ၁၉၈ ၇ခုနှစ်တွင် ပြည်နယ်(State)အဖြစ် တရားဝင် သတ်မှတ်ထားခဲ့သည်။
တရုတ်က တိဘက်အပေါ် သိမ်းပိုက်မှုအား”ငြိမ်းချမ်းစွာ နယ်မြေပြန်လည်သိမ်းသွင်းမှု“ဟုဆိုသည်။
တိဘက်အား တရုတ်သွားရည်တမြားမြားကျရသည့်အချက်ထဲတွင် အောက်ပါအချက်များပါသည်။
တိဘက်အပေါ် ထိန်းချုပ်ထားခြင်းဖြင့် တရုတ်အဖို့ဟိမဝန္တာတောင်တန်းကို သဘာဝတံတိုင်းကြီးသဖွယ်အသုံးပြုကာ နယ်စပ်လုံခြုံရေးအား အခိုင်အမာတည်ဆောက်နိုင်သည်။
တိဘက်က တရုတ်နိုင်ငံအဖို့ “အာရှ၏ အကျောရိုး“ဖြစ်သည်။
အိန္ဒိယက ဒီမိုကရေစီ အရင်းရှင်စနစ်ပုံစံဖြစ်သည်။ အိန္ဒိယ၏ ဩဇာလွှမ်းမိုးမှုနှင့် ဒီမိုကရေစီအရင်းရှင်စံနှုန်းများတရုတ်ပြည်မကြီးထဲ ရောက်မလာအောင်တိဘက်ကို ခံတပ်အဖြစ် အသုံးပြုချင်သည်။
ဤသို့ဖြင့် မဟာဗျူဟာမြောက်ခံစစ် (Strategic Defense)အရ တိဘက်ပထဝီဝင်ကို တရုတ်သွားရည်ကျစရာဖြစ်သည်။
ရေအရင်းအမြစ်နှင့် သဘာဝသယံဇာာတ (Resources)အရ တိဘက်အား “အာရှ၏ရေမျှော်စင်” (Water Tower of Asia) ဟု ခေါ်ကြသည်။
မဲခေါင်မြစ်၊ ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ယန်ဇီမြစ်နှင့်ဂင်္ဂါမြစ်များသည် တိဘက်ကုန်းပြင်မြင့်၏ ဂေဟစနစ်သက် ရောက်မှုနှင့်မကင်းနိုင်ကြချေ။
အဆိုပါ ရေအရင်းအမြစ်များကို ထိန်းချုပ်နိုင်ပါက တရုတ်အတွက် အလွန်အကျိုးအမြတ်ရှိသည်။
တိဘက်တွင် ကြေးနီ၊ ရွှေ၊ ယူရနေီယမ် နှင့် လီသီယမ် (Lithium)ကဲ့သို့ သတ္တုတွင်းထွက်များရှိသည်။
ထိုအကျိုးအမြတ်များကို သွားရည်ကျနေသည့်တရုတ်က အကြောင်းပြချက်ပေးပုံမှာ တိဘက်သည် ချင်မင်းဆက် (Qing Dynasty) လက်ထက်ကတည်း ကတရုတ်
၏အစိတ်အပိုင်းဖြစ်ခဲ့သည်။
သို့ဖြစ်၍ ၁၉၁၂ ခုနှစ်မှ ၁၉၅၀ ခုနှစ်အကြားတိဘက်အနေဖြင့် လွတ်လပ်စွာကိုယ်ပိုင်အုပ်ချုပ်နေမှုကို တရုတ်ကမကြိုက်နိုင်။
“တရုတ်ပြည် ပြန်လည်ပေါင်းစည်းရေး” မူဝါဒအောက်တွင် ဆုံးရှုံးသွားသောနယ်မြေများကို ပြန်ယူခြင်းဟုတရုတ်က အကြောင်းပြသည်။ အမှန်ကထိုအချိန် တိဘက်အားတရုတ်ကျူးကျော်မှုက ၎င်းတို့၏ ကွန်မြူနစ်ဝါဒကို ကာကွယ်လိုမှုလည်းပါသည်။
ဘာသာရေးခေါင်းဆောင် (ဒလိုင်းလားမား)အုပ်ချုပ်သောစနစ်ကို ရှေးဟောင်း သက်ဦးဆံပိုင်စနစ်နှင့် ကျွန်စနစ်ဟု တရုတ်ကွန်မြူနစ်များသမုတ်သည်။
သို့ဖြစ်၍ တိဘက်ပြည်သူများအား တိဘက်၏ရှေးဟောင်း သက်ဦးဆံပိုင်စနစ်နှင့်ကျွန်စနစ်အောက်က လွတ်မြောက်အောင်ကယ်တင် (Liberation) မှုဟုလည်း တရုတ်ကွန်မြူနစ်များက ကင်းပွန်းတတ်ကြသေးသည်။
မည်သို့ မည်ပုံ လွတ်မြောက်အောင် ကယ်တင်လိုက်သည်တော့မသိ။
၁၉၅၉ ခုနှစ်တွင် တိဘက်များအုံကြွကြတော့သည်။ တရုတ်က အကြမ်းနည်းဖြင့် ဖြိုခွင်းသည်။ တိဘက်ဒုက္ခသည်များ အရုနီချယ်လ်ပရာဒေ့ရှ်ထဲကို ထွက်ပြေးလာကြသည်။
တရုတ်က အရုနီချယ်ပရာဒေ့ရှ်ကို “တိဘက်တောင်ပိုင်း” (South Tibet) အဖြစ်သတ်မှတ်ပြီး ၎င်းတို့ပိုင်နက်ဟု ဆိုနေသည်။
အရုနီချယ်ပရာဒေရှ့် (Arunachal Pradesh) ပြည်နယ်တွင်နေထိုင်သူအားလုံးမှာ တိဘက်တမျိုးတည်းမဟုတ်ပေ။ သို့သော်တိဘက်အနွယ်များက လူများစုဖြစ်သည်။
အရုနီချယ်ပရာဒေ့ရှ်တွင် တရားဝင်အသိအမှတ်ပြုထားသော လူမျိုးစု၊ မျိုးနွယ်စုစသဖြင့် ၂၆ စုထက်မက ရှိသည်။
အရုနီချယ်လ် ပရာဒေ့ရှ်တိဘက် မျိုးနွယ်စုများထဲတွင်ပင် Nyishi၊ Adi၊ Galo နှင့် Apatani စသော လူမျိုးစုများ၌ ကိုယ်ပိုင်ရိုးရာယုံကြည်မှု (Donyi-Polo) နှင့်ကိုယ်ပိုင်ဘာသာစကား သီးသန့်ရှိကြသေးသည်။
တိဘက်နှင့်အစ္စလာမ်
တရုတ်တွင် သိမ်းယူထားသော တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Tibet Autonomous Region) နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အစ္စလာမ်ယဉ်ကျေးမှု ထွန်းကားသော ပြည်နယ် သုံးခုရှိသည်။
ရှင်းကျန်း(Xinjiang )မှာ ဝီဂါ(Uyghur)မွတ်စလင်များ အဓိကနေထိုင်ကြပြီး တိဘက်၏မြောက်ဘက်နှင့်အနောက် မြောက်ဘက်တွင် ကပ်လျက်တည်ရှိကာ အလယ်အာရှ ယဉ်ကျေးမှုဘက်ကို ပိုမိုနီးစပ်သည်။
ချင်းဟိုင် (Qinghai)သည် တိဘက်၏အရှေ့မြောက်ဘက်တွင်တည်ရှိပြီး ဟွေ (Hui) မွတ်စလင်နှင့် ဆာလာ (Salar) မွတ်စလင် အများအပြားနေထိုင်ကြသည်။ ချင်းဟိုင်မှာ တိဘက်ကုန်းမြင့်ပေါ်တွင်ရှိပြီး တိဘက်လူမျိုးများနှင့် မွတ်စလင်များ ရောနှောနေထိုင်ကြသည်။
တိဘက်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် အစ္စလာမ်ဗလီကျောင်းများကို တနေရာတည်းမှာမြင်တွေ့နိုင်သော ဒေသကန်းစု (Gansu) မှာ တိဘက်၏ အရှေ့ဘက်မှာတည်ရှိသည်။
ဟွေ (Hui) မွတ်စလင်များ အများဆုံးနေထိုင်သော ဒေသတခုဖြစ်သော လင်ရှမွတ်စလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Linxia Hui Autonomous Prefecture)သည် ကန်းစုပြည်နယ်ထဲတွင် ရှိသည်။
လင်ရှမွတ်စလင်ဒေသကို “တရုတ်ပြည်၏ မက္ကာဟ်” ဟု တင်စားခေါ်ဝေါ်ကြသည်။
ဤအချက်များက တိဘက်ဒေသ၏ ဗျူဟာမြောက်အရေးပါမှုကို ဖော်ပြနေသည်။
တရုတ်အနေဖြင့် ကျောရိုးပိုင်းတွင် ရင်ဆိုင်နေရသော အစ္စလာမ္မစ်အသိုင်းအဝန်း၏ ပါရာဒိုင်းအတွက်ပင် တိဘက်ဒေသ၏ အနေအထားသည် အရေးပါနေသည်။
အိန္ဒိယနှင့်တရုတ်ကြားတွင် ပါဝါအားပြိုင်မှုသည် တိဘက်ကိုဖြတ်သန်းသည်။
အစ္စလာမ္မစ်အသိုင်းအဝန်းနှင့် တရုတ်ကွန်မြူနစ်ကြားရှိ အားပြိုင်မှုသည်လည်း တိဘက်ကိုရိုက်ခတ်သည်။
ပါဝါများကြားတွင် ဆွဲသွင်းခြင်း၊ တွန်းပို့ခြင်းနှင့် ခိုဝင်ခြင်းစသည့် ဖြစ်စဉ်များသည် တိဘက်အနွယ်များ၏ ဒေသအစိတ်အပိုင်းများတွင် ဖြစ်နေခဲ့ရသည်။
အနုချယ်လ်ပရာဒေ့ရှ်သည်ပင် တိဘက်အုပ်ချုပ်သူများ တရုတ်ကိုရင်ဆိုင်နိုင်ရန် ဗြိတိသျှကို ပေးခဲ့ရသော အလျော်အစားမဟုတ်ပါလား။
ထိုအလျော်အစားက အနုချယ်လ်ပရာဒေ့ရှ်ကို အိန္ဒိယပိုင်နက်အဖြစ် ရှိလာစေခဲ့သည်။
တိဘက်ဒေသအား တရုတ်ကွန်မြူနစ်များ မသိမ်းမှီအချိန်ထိ အနုချယ်လ်ပရာဒေ့ရှ်ဖြစ်စဉ်က တိဘက်အတွက် ရင်ထုမနာဖြစ်စရာပင်။
သို့သော် တိဘက်ဒေသအား တရုတ်ကသိမ်းလိုက်သည့်အချိန်မှစ၍ အနုချယ်ပရာဒေ့ရှ်အိန္ဒိယထဲပါသွားသည်မှာ ခပ်ကောင်းကောင်းဟုတွေးလာမည့် တိဘက်များလည်းရှိနေမည်ဖြစ်သည်။
နယ်နိမိတ်ဟူသည် ပြောင်းလဲနေတတ်သည်။ နယ်နိမိတ်ပြောင်းလဲခြင်းသည် လူသားသမိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော သဘောဖြစ်သည်။
ဆစ်ကင်း ကဲ့သို့လွတ်လပ်သော တိုင်းပြည်ဘဝမှအိန္ဒိယထဲပြည်နယ်ဖြစ်လာခြင်းသည်လည်း နယ်နိမိတ်ပြောင်းလဲခြင်းဖြစ်သည်။
တိဘက်ဒေသအား တရုတ်ကွန်မြူနစ်များ ကျူးကျော်သိမ်းပိုက်မှုသည်လည်း နယ်နိမိတ်ပြောင်းလဲခြင်းဖြစ်သည်။
ထိုအခင်းအကျင်းများသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး နိုင်ငံတကာစနစ်များပေါ်လာပြီးနောက်တွင် ဖြစ်လာသောကိစ္စများလည်းဖြစ်သည်။
နယ်နိမိတ်ပြောင်းလဲမှုကို နိုင်ငံတကာစနစ်များက လက်ခံဖို့ခက်သည်ဟူသော သဘောတရားမှာ ဥပါဒ်လွတ်သောစင်းလုံးချော မဟုတ်သေးပေ။ နယ်နိမိတ်ပြောင်းလဲမှုတိုင်းတွင် နိုင်ငံရေးအရ ဇာတ်နာမှုက ရှိသည်။
တိဘက်အနွယ်ဝင်များရှိသော နေရာဒေသများကို အချုပ်အခြာအာဏာဘက်ကကြည့်ပါက အဓိကအားဖြင့် အိန္ဒိယနှင့်တရုတ်၏ အားပြိုင်မှုကွင်းပြင်မှ မြက်ခင်းအဖြစ်သာမြင်နေရအုံးမည်ဖြစ်သည်။





