Border News Agency
ထားဝယ်၊ မတ် ၁၂။
ထားဝယ်-မြိတ်လမ်းပိုင်းပေါ်က မင်းဒပ်ကျေးရွာမှာ နှစ်ပေါင်း ၃၀ ကျော်ကြာအခြေချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ရဲ့ဝင်းဝတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၁၁ ရက်၊ ညနေပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲကို KNLA ဗျူဟာ ၂ ရဲ့ ဦးဆောင်မှုနဲ့ တပ်မဟာ ၄၊ တပ်မဟာ ၆ နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ စုပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အဲဒီစခန်းကိုသိမ်းပိုက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တလကျော်အကြာမှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။
တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မတ်လ ၁၁ ရက်၊ ညနေ ၄ နာရီဝန်းကျင်မှာ စခန်းတခုလုံးကို နယ်မြေရှင်းလင်းနိုင်ခဲ့တယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်ဘက်က လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာတပ်စွဲထားတဲ့ စခန်းဖြစ်တာကြောင့် KNLA ဘက်က အထူးကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ ဗျူဟာ ၃၃ လက်အောက်ခံ T(5) တပ်ရင်းပါ အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်းမှာ ရဲရဲဝံ့ဝံ့ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အရာရှိတွေ၊ ကျား/မ စစ်သည်တွေနဲ့မဟာမိတ်အဖွဲ့ဝင်အားလုံးကို ကေအဲန်ယူဘက်က ဂုဏ်ပြုမှတ်တမ်းတင်ထားပါတယ်။
တိုက်ပွဲအတွင်း အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေနဲ့ အဖက်ဖက်ကကူညီပေးခဲ့ကြတဲ့ ပြည်သူလူထုကိုလည်း အထူးကျေးဇူးတင်ရှိတယ်လို့လည်းပါတယ်။








