ကမ္ဘောဒီးယားမှာ တောထဲစွန့်ပစ်ခံရတဲ့ ထိုင်းဘဏ်အကောင့်ဖွင့်ပေးသူ ၁၄ ဦးကို နယ်စပ်မှာဖမ်းမိ
Border News Agency ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၂၀။ ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ဘဏ်အကောင့်ဖွင့်ပေးဖို့နဲ့ မျက်နှာစကင်ဖတ်ဖို့ အသုံးချခံခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၁၄ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ကို ဖေဖော်ဝါရီလ၁၈ ရက်၊ မနက်အစောပိုင်းမှာအရညပရာသက်မြို့နယ် နယ်စပ်ရှိ ကြံခင်းတခုမှာဖမ်းမိခဲ့တာလို့ အမှတ် ၁၂ ခြေလျင်တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ အဲဒီဖမ်းမိသူတွေထဲမှာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၅ ဦး ပါဝင်ပြီး သူတို့ဟာ Facebook ပေါ်က လစာကောင်းတဲ့ အလုပ်အကိုင်ကြော်ငြာတွေကြောင့် အရညပရာသက်မြို့က ဟိုတယ်တခုမှာ လာရောက်စုဝေးခဲ့ကြသူတွေပါ။ အဲဒီနောက်မှာတော့ သူတို့ကို ပွိုင်ပက်က အထပ်မြင့်အဆောက်အအုံတွေအတွင်း ပိတ်လှောင်ပြီး ဖုန်းနဲ့မှတ်ပုံတင်တွေကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် အွန်လိုင်းဘဏ်အကောင့်တွေဖွင့်ဖို့နဲ့ ငွေလွှဲတဲ့နေရာမှာသုံးဖို့ မျက်နှာစကင် (Face Scan) ပြုလုပ်တာတွေကို အတင်းအဓမ္မ ခိုင်းစေခဲ့တာပါ။ ဒီလိုခိုင်းစေပြီးနောက်မှာ ဘဏ်အကောင့်တွေ အပိတ်ခံရလို့ အသုံးမဝင်တော့တဲ့အခါ ငွေလိမ်ဂိုဏ်းသားတွေက သူတို့ကို နယ်စပ်တောတခုထဲမှာ လာရောက်စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုစွန့်ပစ်ခံရပြီးနောက် ထိုင်းနိုင်ငံဘက်ကို တရားမဝင်ပြန်လည်ဝင်ရောက်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီဖမ်းဆီးရမိသူအားလုံးကို ရဲစခန်းကို ပို့ဆောင်ထားပြီး သူတို့ဟာအမှန်တကယ်လိမ်လည်ခံရတဲ့ သားကောင်တွေလား၊ဒါမှမဟုတ် သိလျက်နဲ့ငွေယူပြီး အကောင့်ဖွင့်ပေးသူတွေလားဆိုတာကို အသေးစိတ်စစ်ဆေးနေတယ်လို့သိရပါတယ်။









