Shin Myat Phyu

Shin Myat Phyu

ဓာတ်ပုံ - လူမှုကွန်ရက်

ထိုင်း – ကမ္ဘောဒီးယားစစ်ရေးတင်းမာနေလို့ ကမ္ဘောဒီးယားရွာသားတွေရွှေ့ပြောင်းနေရ

​Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၁၆။ ​ထိုင်း - ကမ္ဘောဒီးယားနယ်စပ်တလျှောက် စစ်ရေးတင်းမာမှုမြင့်တက်လာနေတာကြောင့် နယ်စပ်ရှိကမ္ဘောဒီးယားရွာသားတွေကို ဘေးလွတ်ရာသို့ ဒုတိယအကြိမ်မြောက် အရေးပေါ်ရွှေ့ပြောင်းဖို့ ကမ္ဘောဒီးယားစစ်တပ်က အမိန့်ပေးထားတယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၆ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီနယ်စပ်ရှိ ကျေးရွာသားတွေဟာ ဖေဖော်ဝါရီလ ၁၅ ရက်ကစပြီး သူတို့ရဲ့အဖိုးတန်ပစ္စည်းတွေကို ကား၊ ဆိုင်ကယ်တွေနဲ့ တင်ဆောင်ကာဘေးကင်းရာသို့ စတင်ရွှေ့ပြောင်းနေကြတာ ဖြစ်ပါတယ်။ ​အခုလို ရွာသားတွေကိုရွှေ့ပြောင်းခိုင်းတာဟာ ကမ္ဘောဒီးယားစစ်တပ်ဘက်က ရှေ့တန်းမှာတောမီးရှို့ကာ မီးခိုးမြူအကာအကွယ်ယူပြီး စစ်အင်အားနဲ့လက်နက်ဖြည့်တင်းတာ၊ မြေမြှုပ်မိုင်းသစ်တွေချထားတာတွေ လုပ်ဆောင်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ​စစ်ရေးလေ့လာသူတွေကတော့ ဒီလုပ်ရပ်ဟာတိုက်ပွဲဖြစ်လာရင် အရပ်သားထိခိုက်မှုကိုလျှော့ချဖို့ ဒါမှမဟုတ် စစ်ရေးလှုပ်ရှားမှုတွေကို လျှို့ဝှက်လုပ်ဆောင်နိုင်ဖို့အတွက် နယ်မြေရှင်းလင်းတာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ​ထိုင်းတော်ဝင်တပ်မတော်ဘက်ကတော့ နယ်စပ်အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး ဒေသခံပြည်သူတွေအနေနဲ့ ကောလာဟလတွေကိုမယုံကြည်ဖို့နဲ့ စိုးရိမ်စရာမရှိဘူးလို့ Army Military Force က ဆိုထားပါတယ်။ ​လက်ရှိမှာ ထိုင်းရှေ့တန်းကင်းစခန်းတွေကနေ နယ်စပ်ဖြတ်ကျော်သွားလာမှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ၂၄ နာရီပတ်လုံး အထူးသတိထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

​ထိုင်းအကျဉ်းထောင်မှာ မျောက်ကျောက်ရောဂါနဲ့ ပထမဆုံးအကျဉ်းသားတဦး သေဆုံး

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၁၅။ ​ထိုင်းနိုင်ငံ၊ အကျဉ်းထောင်တခုမှာ အသက် ၄၄ နှစ်အရွယ်အမျိုးသားအကျဉ်းသားတဦး မျောက်ကျောက်ရောဂါ (Mpox) နဲ့ သေဆုံးခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ထားပါတယ်။  အဲဒီ အကျဉ်းသားဟာ HIV အပါအဝင် အသည်းရောင်အသားဝါနဲ့ ကာလသားစတဲ့ရောဂါအခံတွေရှိနေသူဖြစ်ပြီး ဆေးဝါးကုသမှု ပုံမှန်မရှိတာကြောင့် ကိုယ်ခံအားစနစ်အလွန်အမင်းပျက်စီးနေချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီး ပြင်းထန်စွာဝေဒနာခံစားခဲ့ရတယ်လို့ သိရပါတယ်။ ​အဲဒီအကျဉ်းသားဟာ ဇန်နဝါရီလ ၂၀ ရက်နေ့က အကျဉ်းထောင်ထဲကို စတင်ဝင်ရောက်လာကတည်းက ခြေထောက်မှာ အနာတွေပါလာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကိုယ်ပူအဖျားတက်တာနဲ့ ခန္ဓာကိုယ်အနှံ့အဖုအပိမ့်တွေ ထွက်လာတာကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးချက်အရ Mpox Clade II မျိုးစိတ် ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရတယ်လို့ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ထုတ်ဖော်ပြောကြားထားပါတယ်။ ​အဲဒီသေဆုံးသူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ အကျဉ်းသား ၃၂ ဦးကို သီးခြားခွဲထုတ်ထားပြီး ၁၉ ဦးကို ကာကွယ်ဆေး ထိုးနှံပေးထားတယ်လို့ သိရပါတယ်။ အကျဉ်းထောင်အတွင်း ရောဂါပြန့်ပွားမှုမရှိစေဖို့ အကျဉ်းသားအဝင်အထွက်တွေကို ယာယီရပ်ဆိုင်းထားပြီး ထောင်ဝန်ထမ်းနဲ့ ကျန်းမာရေးဝန်ထမ်း ၈၀ ကျော်ကိုလည်း ရောဂါပိုး ရှိ၊ မရှိ ထပ်မံစစ်ဆေးနေတယ်လို့ သိရှိရပါတယ်။

ကိုးကား - AFP, AP, Reuters, Iran International ၊ Munich Police (X)

​မြူးနစ်ညီလာခံအပြင်ဘက်မှာ အီရန်အတိုက်အခံ ၂ သိန်းခွဲခန့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြ

Border News Agency  ဂျာမနီ၊ ဖေဖော်ဝါရီ ၁၅။ ​ဂျာမနီနိုင်ငံ၊ မြူးနစ်လုံခြုံရေးညီလာခံ (MSC) အပြင်ဘက်မှာ အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ၃ ရက်ကြာတဲ့အထိ ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြသူ ၂ သိန်းခွဲခန့်ရှိတယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။ ပြည်နှင်ဒဏ်ခံအီရန်မင်းသားဟောင်း ရေဇာပါဟယ်ဗီက ဒီလှုပ်ရှားမှုကို "ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့" အဖြစ် သတ်မှတ်ခဲ့ပြီး တခြားနိုင်ငံတကာမြို့ကြီးတွေမှာလည်း လူစုလူဝေးတွေပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဲဒီ​ဆန္ဒပြပွဲတွေအတွင်း အုပ်ချုပ်ရေးယန္တရားအပြောင်းအလဲကို တခဲနက်ကြွေးကြော်နေကြပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း အီရန်မှာအစိုးရအပြောင်းအလဲဖြစ်လာဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အီရန်ပြည်သူ့လှုပ်ရှားမှုတွေအတွင်း အနည်းဆုံး ၇,၀၀၅ ဦးသေဆုံးပြီး ၅၃,၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ HRANA အဖွဲ့က ပြောဆိုထားပေမယ့် အီရန်အစိုးရဘက်ကတော့ သေဆုံးသူ ၃,၁၁၇ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ​အီရန်အာဏာပိုင်တွေက အင်တာနက်နဲ့ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတဲ့အတွက် အချက်အလက်အတိအကျရဖို့ ခက်ခဲနေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ မင်းသား ပါဟယ်ဗီကတော့ သမ္မတထရမ့်အနေနဲ့ အီရန်ပြည်သူတွေကို ကူညီပေးဖို့နဲ့လက်ရှိအစိုးရကို အပြီးတိုင် အဆုံးသတ်ပေးဖို့ မြူးနစ်သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Photo - AA

မင်းပြားမှာစစ်ကျန်လက်နက်ကို ဓားနဲ့ခုတ်ကြည့်ရာမှ ပေါက်ကွဲလို့ အရပ်သားနှစ်ဦးသေဆုံး

Border News Agency  မင်းပြား၊ ဖေဖော်ဝါရီ ၁၅။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ စစ်ကျန်လက်နက်ကို ဓားနက်ခုတ်ကြည့်ရာမှာ ပေါက်ကွဲလို့ အရပ်သားမူဆလင်နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။  အဲဒီ သေဆုံးခဲ့သူတွေမှာ မြောက်ဦးမြို့နယ်၊ ဆီသည်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးအာဒူလာမိန်၊ တန်းဆိပ်ကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ဦးမာ့မာတ်ယေနာ (ခ) မာ့အိုင်ရ်နက်တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေအချိန်က မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာအနီးက ခုတ်ထားတဲ့ထင်းကိုသွားယူရာ စစ်ကျန်ဗုံးကိုတွေ့ကာ ဓားနဲ့ခုတ်မိရာကနေ ပေါက်ကွဲပြီးသေဆုံးသွားခဲ့ကြတာလို့ ဒေသခံတွေကဆိုကြပါတယ်။  အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့‎ မောင်တောမြို့နယ်၊ အေတီလီယာရွာမှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့က မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီအပြင်ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရ ထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Photo - Kanchanaburi News

ကန်ချနပူရီမှာ ၄၃၄ ဂရမ်အလေးချိန်ရှိရွှေခဲတွေနဲ့ မြန်မာနိုင်ငံသားတဦး ဖမ်းဆီးခံရ

Border News Agency  ကန်ချနပူရီ၊ ဖေဖော်ဝါရီ ၁၅။ ​တနင်္သာရီမြစ်အတွင်းကရရှိခဲ့တဲ့ အလေးချိန် ၄၃၄ ဂရမ်ရှိ ရွှေခဲ ၂၅ ခဲနဲ့အတူ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတဦးကို ကန်ချနပူရီခရိုင်၊ ဒုန်းစပ်ပရော့ မှောင်ခိုးလမ်းမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထိုင်းလုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဖမ်းဆီးရမိသူမှာ အသက် ၅၄ နှစ်အရွယ် ဦးဘွိုင်း (Mr. Boy Wongwai / Boy Diamond) ဖြစ်ပြီး သူဆီက ရွှေသတ္တုရိုင်း (ရွှေခဲ) ၂၅ ခဲကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ​ဦးဘွိုင်းရဲ့ ထွက်ဆိုချက်အရ အဲဒီရွှေခဲတွေကို မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်၊ ထီးခီးကျေးရွာအနီးရှိ တနင်္သာရီမြစ်အတွင်းမှာ သူငယ်ချင်းဖြစ်သူတွေနဲ့အတူ ကိုယ်တိုင်ရွှေကျင်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီရွှေခဲတွေကို ကန်ချနပူရီမြို့ပေါ်ရှိ ရွှေဆိုင်တွေမှာ သွားရောက်ရောင်းချဖို့အတွက် မှောင်ခိုးလမ်းကတဆင့် ခိုးဝင်လာခဲ့တာဖြစ်တယ်လို့လည်း ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။ ​လက်ရှိမှာတော့ ဖမ်းဆီးရမိသူကို ကန်ချနပူရီမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေအပြင် အကောက်ခွန်ဥပဒေတွေနဲ့ပါ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ နယ်စပ်တလျှောက် တရားမဝင်မှောင်ခိုးလမ်းတွေကနေ ခိုးဝင်မှုတွေကိုလည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အရှိန်အဟုန်မြှင့် စစ်ဆေးနေတယ်လို့လည်း ထုတ်ဖော်ပြောကြားထားပါတယ်။

ဓာတ်ပုံ - UTF

ကရင်နီပြည်မှာ UTF တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့် အခမ်းအနားပြုလုပ်

Border News Agency ကရင်နီ၊ ဖေဖော်ဝါရီ ၁၅။ ကရင်နီပြည်မှာ Urban Task Force Aung Ban - UTF တပ်ဖွဲ့ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားပြုလုပ်ခဲ့တယ်လို့ UTF တပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၅ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီအခမ်းအနားကို ကရင်နီဒေသစခန်းတနေရာမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ စစ်ရေးနိုင်ငံရေး မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေက တက်ရောက်ဂုဏ်ပြုတာတွေ၊ သဝဏ်လွှာဖတ်ကြားတာတွေပြုလုပ်ခဲ့ပြီး UTF တပ်ဖွဲ့ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူတကွ အားယူချီတက်ပြီး အာဏာရှင်စနစ်ဆိုးပျက်သုဉ်းတဲ့အထိ တော်လှန်ခရီးစဉ်မှာ မဖောက်ပြားတဲ့စိတ်ဓါတ်နဲ့ ခရီးဆုံးထိတော်လှန်တိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ -ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖအဖွဲ့

ဂန့်ဂေါမှာ စစ်ကော်မရှင်တပ်ဖွဲ့တဦး လက်နက်နဲ့အတူ အလင်းဝင်

Border News Agency မကွေး၊ ဖေဖော်ဝါရီ ၁၅။ ​မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေစိုက် အမှတ် ၃၇၁ အမြောက်တပ်ရင်းမှ စစ်ကော်မရှင်တပ်ဖွဲ့ တဦးလက်နက်တလက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖအဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီတပ်သားဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းကတည်းက အလင်းဝင်ရောက်ခဲ့တာဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခုမှသာသတင်းထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။  ​အလင်းဝင်ရောက်လာတဲ့တပ်သားဟာ လက်နက်တလက်ယူလာခဲ့တာဖြစ်ပြီးသူ့ကို ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖအဖွဲ့က ထိုက်တန်တဲ့ ဆုကြေးငွေတွေပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားဟာ စစ်ကော်မရှင်တပ်ရဲ့ယန္တရားမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တာမို့ တော်လှန်ရေးအဖွဲ့အစည်းထံ ဆက်သွယ်ခိုလှုံလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ​အဲဒီအပြင် ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်လာနိုင်ဖို့ ကူညီဆောင်ရွက်ပေးတဲ့ အရပ်သားပြည်သူတွေကိုလည်း ဆုငွေတွေပေးအပ်ချီးမြှင့်သွားမယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။ အဲဒီလင်းဝင်လာတဲ့ တပ်သားကိုလုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မန္တလေးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်တွေဆီအလင်းဝင်

Border News Agency မန္တလေး၊ ဖေဖော်ဝါရီ ၁၄။ မန္တလေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးလှုပ်ရှားတပ်မဆီသို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးမှ ဖေဖော်ဝါရီလ ၁၄ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်ရဲ့ ခလရ ၄၁၆ မှ ပြည်သူ့စစ်မှုထမ်းတပ်သားနှစ်ဦးဟာ ဖေဖော်ဝါရီ ၉ ရက်နေ့က မန္တလေးအထူးလှုပ်ရှားတပ်မဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပတ်စဉ် ၁၇ ဆင်း ပြည်သူ့စစ်မှုထမ်းတပ်သားနှစ်ဦးဟာ MA 1 နှစ်လက်၊ ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာကြောင့် သူတို့နှစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအလင်းဝင်တပ်သားနှစ်ဦးကို တော်လှန်ရေးတပ်တွေမှ နွေးထွေးစွာကြိုဆိုလက်ခံခဲ့ပြီး ဘေးကင်းလုံခြုံရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

ဝက်လက်မှာ ဗိုလ်ချုပ်မွေးနေ့ကို သပိတ်စစ်ကြောင်းနဲ့ ဂုဏ်ပြု

Border News Agency ​ဝက်လက်၊ ဖေဖော်ဝါရီ ၁၄။ ​ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၁၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျေးရွာပေါင်း ၁၆ ရွာကို လှည့်လည်ပြီး သပိတ်တိုက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ​ဒီလှုပ်ရှားမှုမှာ သပိတ်စစ်ကြောင်းတွေ၊ အထိုင်သပိတ်တွေအပြင်ခက်ခဲတဲ့ကာလအတွင်း ပြည်သူတွေစိတ်အမောပြေစေဖို့အတွက် ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ပါ သွားရောက်အားပေးခဲ့ကြတာပါ။ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကတော့ အာဏာရှင်စနစ်ကျရှုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုပြီး ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။

Photo-Statusphoto

ထိုင်းမှာမီးလောင်မှုကြောင့် ဘတ်သန်း ၃၀ ကျော်တန်ရွက်လှေကြီး ပြာကျ

Border News Agency  ထိုင်း၊ ဖေဖော်ဝါရီ ၁၄။ ​ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခန်ခရိုင်၊ ထပ်သကေးမြို့နယ်ရှိ ရွက်လှေတည်ဆောက်ရေးဝင်းတခုမှာ ဖေဖော်ဝါရီလ၁၄ ရက်၊ ဒီနေ့မွန်းလွဲပိုင်းက အကြီးအကျယ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။  ဒီမီးလောင်မှုကြောင့် ၃ နှစ်ကျော်ကြာအောင်အချိန်ယူတည်ဆောက်ထားပြီး ပြီးစီးလုနီးပါးဖြစ်နေတဲ့ အဆင့်မြင့်ရွက်လှေကြီးတစင်းအပါအဝင် အနီးနားကကွန်တိန်နာ ၁၀ လုံးပါ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ​စင်ကာပူနိုင်ငံသားတဦးကမှာယူထားတဲ့ ဒီရွက်လှေကြီးဟာ အတွင်းပိုင်းအလှဆင်နေတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် သင်္ဘောကိုယ်ထည်ကမီးလောင်လွယ်တဲ့ ဖိုက်ဘာဂလက်တွေနဲ့ ပြုလုပ်ထားတာကြောင့် မီးအရှိန်ကိုထိန်းချုပ်ဖို့ ခက်ခဲခဲ့တာပါ။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ဘတ်သန်း ၃၀ ကျော် (မြန်မာကျပ်ငွေ ၃ ဘီလီယံခန့်) အထိရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ​မီးလောင်ချိန်မှာ အလုပ်ပိတ်ရက်ဖြစ်လို့ အလုပ်သမားတွေမရှိနေဘဲ အနီးနားကဘုန်းတော်ကြီးတွေနဲ့ မီးသတ်ကား ၁၀ စီးကျော်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် အခင်းဖြစ်နေရာကိုစစ်ဆေးနေပြီး ရဲတပ်ဖွဲ့ကမီးလောင်ရတဲ့ အကြောင်းရင်းအမှန်ကို အသေးစိတ်စုံစမ်းစစ်ဆေးနေပါတယ်။

Page 13 of 38 1 12 13 14 38

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here