Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၁၄။
ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခန်ခရိုင်၊ ထပ်သကေးမြို့နယ်ရှိ ရွက်လှေတည်ဆောက်ရေးဝင်းတခုမှာ ဖေဖော်ဝါရီလ၁၄ ရက်၊ ဒီနေ့မွန်းလွဲပိုင်းက အကြီးအကျယ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
ဒီမီးလောင်မှုကြောင့် ၃ နှစ်ကျော်ကြာအောင်အချိန်ယူတည်ဆောက်ထားပြီး ပြီးစီးလုနီးပါးဖြစ်နေတဲ့ အဆင့်မြင့်ရွက်လှေကြီးတစင်းအပါအဝင် အနီးနားကကွန်တိန်နာ ၁၀ လုံးပါ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
စင်ကာပူနိုင်ငံသားတဦးကမှာယူထားတဲ့ ဒီရွက်လှေကြီးဟာ အတွင်းပိုင်းအလှဆင်နေတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် သင်္ဘောကိုယ်ထည်ကမီးလောင်လွယ်တဲ့ ဖိုက်ဘာဂလက်တွေနဲ့ ပြုလုပ်ထားတာကြောင့် မီးအရှိန်ကိုထိန်းချုပ်ဖို့ ခက်ခဲခဲ့တာပါ။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ဘတ်သန်း ၃၀ ကျော် (မြန်မာကျပ်ငွေ ၃ ဘီလီယံခန့်) အထိရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
မီးလောင်ချိန်မှာ အလုပ်ပိတ်ရက်ဖြစ်လို့ အလုပ်သမားတွေမရှိနေဘဲ အနီးနားကဘုန်းတော်ကြီးတွေနဲ့ မီးသတ်ကား ၁၀ စီးကျော်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။
လက်ရှိမှာတော့ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် အခင်းဖြစ်နေရာကိုစစ်ဆေးနေပြီး ရဲတပ်ဖွဲ့ကမီးလောင်ရတဲ့ အကြောင်းရင်းအမှန်ကို အသေးစိတ်စုံစမ်းစစ်ဆေးနေပါတယ်။























