Border News Agency
မဏိပူရ၊ဇူလိုင် ၇။
မဏိပူရပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လက်နက်ကိုင်အဖွဲ့ဝင်လေးဦးကို ဖမ်းဆီးရမိခဲ့သလို လက်နက်၊ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင်လ ၆ ရက်နေ့မှာထုတ်ပြန်ပါတယ်။
အဲဒီ ဖမ်းဆီးရမိသူတွေထဲမှာ အသက်မပြည့်သေးတဲ့ လူငယ်နှစ်ဦးပါဝင်ပြီး အဲဒီအထဲက UNLF (P) အဖွဲ့ဝင်တဦးဆီကနေ သေနတ်တလက်နဲ့ ဖုန်း ၂ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ် အဖွဲ့ဝင်တဦးကိုလည်း နေအိမ်တွေကို ခြိမ်းခြောက်ပြီး ငွေညှစ်မှုတွေလုပ်ခဲ့တဲ့ NRFM အဖွဲ့ကနေ ဖမ်းဆီးရမိတာလို့ဆိုပါတယ်။
ကျန်တဲ့အသက်မပြည့်သေးတဲ့ လူငယ်နှစ်ဦးကိုတော့ ချူရာချန်ပူဒေသမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ဆီကနေ ကျည်ဆန်ခုနှစ်ဆယ်ခုနှစ်တောင့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလုံခြုံရေးတပ်ဖွဲ့တွေက ကန်ပေါ့ပီခရိုင်မှာ နယ်မြေရှင်းလင်းရေးလုပ်ရင်းလည်း IED ဗုံးတလုံးနဲ့ လက်လုပ်မော်တာဗုံးသီးလေးလုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဖမ်းဆီးရမိသူတွေဟာ ဒေသတွင်း တရားမဝင်လုပ်ရပ်တွေ၊ငွေညှစ်မှုတွေနဲ့ ဆက်စပ်နေမှု ရှိ၊မရှိကို ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေတယ်လို့လည်းဆိုပါတယ်။
မဏိပူရပြည်နယ်အတွင်း ငြိမ်းချမ်းရေးစာချုပ်တွေ ချုပ်ဆိုထားပေမယ့် တချို့သော အဖွဲ့တွေကတော့ အခုလို တရားမဝင် လက်နက်ကိုင်လုပ်ရပ်တွေကို ဆက်လက်ကျူးလွန်နေဆဲလို့ဆိုပါတယ်။






