Border News Agency
မြောက်ဦး၊ဩဂုတ် ၂၃။
လူမှုကွန်ရက်မဆင်မခြင်အသုံးပြုတာနဲ့ မူးယစ်ဆေးဝါးသောက်သုံးမှုတွေကြောင့် ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုတွေပိုဖြစ်လာနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဗဟိုပါတီရုံးက ပြောပါတယ်။
”သက်ငယ်မုဒိန်းမှုဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ မူးယစ်ဆေးဝါးနဲ့အရက်ကိုအလွန်အကျွံသောက်သုံးတာကြောင့် အသိစိတ်ပျောက်ဆုံးတာ၊လူမှုကွန်ရက်ပေါ်က အညစ်အညမ်းစာသားတွေနဲ့ ရုပ်သံတွေကိုကြည့်ရှုစွဲလမ်းတာတွေ ပါဝင်တယ်။”လို့ ULA ပါတီဗဟိုရုံးမှ တာဝန်ခံဒေါ်လှမြခိုင်ကပြောပါတယ်။
အဲဒီအပြင် သက်ငယ်မုဒိန်းမှုကျူးလွန်သူ ကိုးဆယ်သုံးရာခိုင်နှုန်းဟာ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ နီးစပ်သူတွေဖြစ်ကြပြီး ကျန်ခုနှစ်ရာခိုင်နှုန်းခန့်ကသာ ကလေးသူငယ်တွေနဲ့ လုံးဝမသိကျွမ်းတဲ့ သူစိမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
”အုပ်ထိန်းသူတွေအနေနဲ့ မိမိတို့ကလေးတွေကို ခန္ဓာကိုယ်သီးသန့်အစိတ်အပိုင်းတွေကို ဘယ်သူမှလာရောက်ထိတွေ့ခွင့်မရှိကြောင်းနဲ့ တစုံတယောက်က မသမာတဲ့စိတ်နဲ့ပြုလုပ်လာရင် မိဘကိုမကွယ်ဝှက်ဘဲရဲရဲဝံ့ဝံ့ပြန်ပြောပြဖို့ သင်ကြားထားပေးရပါမယ်။” လို့လည်းပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ သက်ငယ်မုဒိန်းမှုကြိုတင်ကာကွယ်ရေးနဲ့ ပပျောက်ရေးအတွက် အသိပညာပေးဟောပြောပွဲတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေနဲ့ Podcasts အစီအစဉ်တွေကနေတဆင့် အသိပညာပေးတာတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင်မီဒီယာတွေနဲ့ စာပေအနုပညာရှင်တွေကိုလည်းပူးပေါင်းပါဝင်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဗဟိုပါတီရုံးက တိုက်တွန်းထားပါတယ်။







