ရခိုင်မှာလွှတ်တော်ပြန်စဖို့ စစ်ကော်မရှင်တပ် ပြင်ဆင်နေ
Border News Agency စစ်တွေ၊ ဖေဖော်ဝါရီ ၆ ။ ရခိုင်ပြည်မှာ တတိယအကြိမ်ပြည်နယ်လွှတ်တော်အစည်းအဝေး ခေါ်ယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနဲ့ ဌာနဆိုင်ရာတွေ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ စစ်တွေမြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲ ပထမအဆင့်ပြီးစီးသွားပြီဖြစ်လို့ လွှတ်တော်အစည်းအဝေးကို မကြာခင်ကာလအတွင်း အမြန်ဆုံးခေါ်ယူနိုင်ဖို့ ကော်မတီတွေဖွဲ့စည်းပြီး ပြင်ဆင်နေတာပါ။ ဒီခြေလှမ်းဟာ စစ်ကော်မရှင်အနေနဲ့ သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပြဖို့ ကြိုးစားတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။ အဲဒီအပြင် စစ်ရေးပဋိပက္ခတွေရှိနေပေမယ့်လည်း မြို့ပေါ်ဒေသတွေမှာ အုပ်ချုပ်ရေးနဲ့လွှတ်တော်ယန္တရားကို ပုံမှန်လည်ပတ်နိုင်စွမ်းရှိတယ်ဆိုတာကို နိုင်ငံရေးအရပြသချင်ပုံရတယ်လို့ သုံးသပ်ထားကြပါတယ်။ အဲဒီလွှတ်တော်အဆောက်အဦးနဲ့ အသုံးအဆောင်တွေကို ပြန်လည်ပြင်ဆင်နေပြီး လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အစည်းအဝေးတွေ ခေါ်ယူကျင်းပနိုင်ဖို့အတွက် စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။









