Shin Myat Phyu

Shin Myat Phyu

Photo - Talk Immigration

​မဲဆောက်မှာ အထောက်အထားမဲ့မြန်မာလုပ်သားဆယ်ဦး ဖမ်းဆီးခံရ

Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၅။ ​ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးမှာ တရားမဝင်ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားသုံးဦးကိုဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ​အဲဒီ တာ့ခ်ခရိုင် လဝက စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ ၄ ရက်၊ ညနေပိုင်းကမဲဆောက်မြို့၊ အမှတ် ၂ ကျေးရွာရှိ ချစ်ကြည်ရေးတံတားအနီးတဝိုက်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီ အသက်နှစ်ဆယ့်ငါးနှစ်နဲ့ နှစ်ဆယ့်ကိုးနှစ်အရွယ် အမျိုးသားနှစ်ဦး၊ အသက်သုံးဆယ့်နှစ်နှစ်အရွယ် အမျိုးသမီးတဦးကို ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့မှာပတ်စပို့ရော၊ အလုပ်လုပ်ကိုင်ခွင့်ပါမရှိဘဲ အလုပ်လုပ်နေကြတာလို့ ဆိုပါတယ်။ သူတို့ကိုတော့ တရားမဝင်ဝင်ရောက်မှုအပြင် နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့အလုပ်တွေကိုလုပ်ကိုင်မှုနဲ့ပါ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် အဲဒီနေ့ ည ၈ နာရီဝန်းကျင်မှာလည်း မဲကုကျေးရွာ၊ ဂိတ် ၂၉ အနီးမှာ တရားမဝင်ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားခုနှစ်ဦးကို ထပ်ပြီးဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီဖမ်းမိတဲ့ မြန်မာလုပ်သားဆယ်ဦးကို ထိုင်းအာဏာပိုင်တွေက လုပ်ထုံးလုပ်နည်းတွေအတိုင်းဆောင်ရွက်ပြီး မဲဆောက်မြို့မရဲစခန်းကိုပို့ဆောင်ထားကာ ဥပဒေအရအရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo - AA

​ကျန်းမာရေးမကောင်းသူတွေကို လာဘ်ပေးလာဘ်ယူလုပ်ကာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေ

​Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၅။ ​စစ်မှုထမ်းဖို့ လူအင်အားမပြည့်မီတဲ့အတွက် ကျောက်ကပ်ဝေဒနာရှင်တွေအပါအဝင် ကျန်းမာရေးမကောင်းတဲ့လူငယ်တွေကိုပါ စစ်ကော်မရှင်တပ်က ဆရာဝန်တွေကိုလာဘ်ထိုးကာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့ သိရပါတယ်။ ​အာရက္ခတပ်တော် (AA) ဆီအလင်းဝင်လာတဲ့ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြော​ပြချက်အရ သူဟာကျောက်ကပ်မှာကျောက်တည်နေတာမို့ ခွဲစိတ်ကုသထားရသူဖြစ်ပြီး လိုအပ်တဲ့ဆေးလက်မှတ်တွေ အပြည့်အစုံရှိပေမယ့်လည်း စစ်ကော်မရှင်ကအတင်းအဓမ္မ စစ်ထဲသွင်းခဲ့တယ်လို့ ဆိုပါတယ်။ ​"ကျွန်တော့်ကို ဆေးစစ်တဲ့အချိန်မှာ ကျောက်ကပ်ခွဲထားရတဲ့ ဆေးလက်မှတ်တွေအကုန်ပြပေမယ့် ဆေးစစ်တဲ့လူက ဆေးမအောင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အရာရှိတွေကဆရာဝန်တွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်ပြီး ကျွန်တော့်ကို အတင်းဆေးအောင်တယ်ဆိုပြီး လက်မှတ်ထုတ်ပေးခဲ့တာပါ။" လို့ ဆိုပါတယ်။  ​စစ်ကော်မရှင်တပ်ဟာ လစဉ်ပေးပို့ရမယ့် စစ်မှုထမ်းအင်အားမပြည့်မီတာမို့ ကျန်းမာရေးချို့တဲ့သူတွေကိုပါ မဖြစ်မနေ ထည့်သွင်းနေတာဖြစ်ပြီး သင်တန်းကာလအတွင်း နေမကောင်းဖြစ်တာတောင် "လိမ်နေတယ်" ဆိုပြီး ဆေးကုသခွင့်မပေးဘဲ အတင်းအဓမ္မလေ့ကျင့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ​သူစစ်မှုထမ်းအပတ်စဉ် ၁၆ မှာ လူပေါင်း ၆၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ ၉၀ ရာခိုင်နှုန်းခန့်ဟာ အတင်းအဓမ္မစုဆောင်းခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာကဖြစ်ပြီး စစ်ကော်မရှင်ဆီ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ကျောက်ကပ်ဝေဒနာခံစားနေရသူတဦးဖြစ်ပြီး မအီဆေးရုံကနေ ရန်ကုန်ကိုဆေးလာကုရင်း လမ်းမှာစစ်ကော်မရှင်တပ်ဖမ်းဆီးတာခံလိုက်ရတာလို့ ဆိုပါတယ်။

Photo - SpringRevolution

တန့်ဆည်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုရင်တပါးအပါအဝင် ခြောက်ဦးသေဆုံး

Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅ ။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ခြမ်း သစ်စေးကုန်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုရင်ငယ်တပါးအပါအဝင်ခြောက်ဦး သေဆုံးသွားခဲ့ပါတယ်။ အဲဒီတန့်ဆည်မြို့နယ်၊ မြောက်ခြမ်းရှိ သစ်စေးကုန်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့ မနက်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီလိုတိုက်ခိုက်လို့ ကိုရင်ငယ်တပါးအပါအဝင် အရပ်သားငါးဦးသေဆုံးသွားပြီး ဘုန်းတော်ကြီးကျောင်းလည်းပျက်စီးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။  အဲဒီထဲအမျိုးသားတဦး၊ အမျိုးသမီးသုံးဦးသေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုတွေ့ရှိထားပြီး နောက်ထက်ကိုရင်ငယ်တပါးရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးဘူးလို့ ဆိုကြပါတယ်။ စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေက ဒေသခံပြည်သူတွေကို ရွယ်ရည်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေသေဆုံး၊ ဒဏ်ရာရနေကြပါတယ်။

ကချင်တော်လှန်ရေးနေ့သို့ အာရက္ခတပ်တော် (AA) အပါအဝင် ညီနောင်မဟာမိတ်တွေသဝဏ်လွှာပေးပို့

​Border News Agency ကချင်ပြည်၊ ဖေဖော်ဝါရီ ၅။ ​ကချင်ပြည်နယ်မှာ ဒီနေ့ကျရောက်တဲ့ ၆၅ နှစ်မြောက်ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ အာရက္ခတပ်တော် (ULA/AA) အပါအဝင်ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ PSLF / TNLA နဲ့ MNTJP / MNDAA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။ အဲဒီသဝဏ်လွှာမှာ အာရက္ခတပ်တော်အပါအဝင် မဟာမိတ်အဖွဲ့တွေက အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ အမျိုးသားရေးဆိုင်ရာနစ်နာချက်တွေကို ပြန်လည်ရရှိဖို့အတွက် လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်လာခဲ့တာဟာ  နှစ်ပေါင်းကြာရှည်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ ​အဲဒီတော်လှန်ရေးကာလ ၆၅ နှစ်အတွင်းမှာ အသက်၊ ခန္ဓာနဲ့ ဘဝပေါင်းများစွာပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ ကချင့်ဇာနည် သူရဲကောင်းအပေါင်းကို အာရက္ခတပ်တော်နဲ့ မဟာမိတ်အဖွဲ့တွေက လေးလေးနက်နက်ဦးညွှတ်အလေးပြုတယ်လို့လည်း ဆိုပါတယ်။ ​အဲဒီအပြင် ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်လပ်ရေးတပ်မတော် (KIO / KIA) ဟာ မြန်မာ့တော်လှန်ရေး အဖွဲ့အစည်းတွေထဲမှာ စံနမူနာပြတော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေတဲ့အဖွဲ့အစည်းဖြစ်ပြီး ကချင်တော်လှန်ရေး ရည်မှန်းချက်တွေ အမြန်ဆုံးအောင်မြင်ပြီးဆုံးဖို့အတွက်လည်း ဆုတောင်းပေးထားပါတယ်။ ​နောက်ပြီး မျှော်မှန်းထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ကချင်ပြည်သူတွေလိုလားတောင်းတနေတဲ့ ရည်မှန်းချက်တွေ အမြန်ဆုံးပြည့်ဝပါစေဆိုပြီး အာရက္ခတပ်တော်က ညီနောင်မဟာမိတ်တွေနဲ့အတူ ဆန္ဒပြုထားပါတယ်။

ဓာတ်ပုံ - အရာတော်မြို့နယ်ကျောင်းသားသမဂ္ဂ

အရာတော်မှာလေကြောင်း၊ မိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးပြုလုပ်

Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ကျောင်းသားတွေနဲ့ပြည်သူတွေကို လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ် ကာကွယ်ရေး အသိပညာပေးသရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလှုပ်ရှားမှုကို အရာတော်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတွေနဲ့ ဒေသရှိလက်နက်ကိုင်တော်လှန်ရေအင်အားစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဟောပြောပွဲမှာ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီဒီယိုတွေပြသတာ၊ ကာကွယ်ရေးနည်းလမ်းတွေကို လက်တွေ့သရုပ်ပြဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအပြင် ဗုံးခိုကျင်းတည်ဆောက်ပုံလမ်းညွှန်နဲ့ အသိပညာပေးလက်ကမ်းစာစောင်၂၀၀ ကို ပြည်သူတွေဆီဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်လူငယ်တွေကို ရှေ့တန်းတွေမှာ လူသားဒိုင်းအဖြစ်အသုံးချနေ

​Border News Agency အမ်း၊ ဖေဖော်ဝါရီ ၅။ ​စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံထားရတဲ့ ပြည်သူ့စစ်လူငယ်တွေကို ရှေ့တန်းစစ်မျက်နှာမှာ လူသားဒိုင်းအဖြစ်အသုံးချသွားမယ်လို့ စစ်ကော်မရှင်တပ်အရာရှိတွေက တပ်တွင်းမှာပွင့်လင်းစွာ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။ ​အာရက္ခတပ်တော် (AA) ဆီ အလင်းဝင်လာတဲ့တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောကြားချက်အရ စစ်ကော်မရှင်တပ်အရာရှိတွေဟာ "မင်းတို့ပစနှစ်ဆယ့်ခြောက်ယောက်သေရင်တောင်ငါတို့ဘက်က တပ်သားတစ်ယောက်နဲ့မလဲနိုင်ဘူး၊ မင်းတို့ ပစတွေက နောက်ထပ်အပတ်စဉ်တွေ အများကြီးရှိသေးတယ်၊ ကြိုက်သလောက်သေ။" ဆိုပြီး တပ်တွင်းမှာခွဲခြားဆက်ဆံ ပြောဆိုနေတာ ဖြစ်ပါတယ်။ အဲဒီအပြင် တိုက်ပွဲတွေမှာစစ်မှုထမ်းလူငယ်တွေကိုသာ ရှေ့ဆုံးကတက်ခိုင်းမှာဖြစ်ကြောင်းနဲ့ အလုပ်ကြမ်းတွေကိုလည်း  စစ်ကော်မရှင်တပ်သားဟောင်းတွေကမလုပ်ဘဲ ပြည်သူ့စစ်လူငယ်တွေကိုသာ ဖိအားပေးခိုင်းစေနေတယ်လို့ ဆိုပါတယ်။ ​နောက်ပြီး သင်တန်းကာလအတွင်းမှာလည်း ထွက်ပြေးဖို့ကြိုးပမ်းသူတွေကို မတ်တပ်မရပ်နိုင်အောင် ရိုက်နှက်တာ၊ လက်ထိပ်ခတ်ပြီး သစ်ပင်မှာတနေကုန်ချည်နှောင်ထားတာမျိုးတွေ ပြုလုပ်ပြီး "ပြေးရဲရင် ပြေးကြည့်၊ ဒီထက်ပိုပြီး လုပ်ပြမယ်" လို့ တခြားလူငယ်တွေကိုပါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် ရခိုင်လူမျိုးစစ်မှုထမ်းလူငယ်တွေကိုလည်း "မင်းတို့ရခိုင်တွေဆို ရှေ့တန်းမှာစီနီယာတွေရှိတယ်၊ တိုက်မှာလား" ဆိုပြီးအတင်းအဓမ္မမေးမြန်းကာ တိုက်ပွဲဝင်ဖို့ဝါဒဖြန့်ဖိအားပေးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ ​အဲဒီလို အရာရှိတွေရဲ့ ခွဲခြားဆက်ဆံမှုနဲ့ လူသားဒိုင်းအဖြစ်အသုံးချခံရမယ့် အခြေအနေတွေကြောင့် စစ်မှုထမ်းလူငယ်တွေဟာ ရှေ့တန်းမရောက်ခင်ကတည်းက စိတ်ဓာတ်ကျဆင်းနေကြပြီး အခွင့်အရေးရရင်ထွက်ပြေးဖို့အတွက်သာ အချင်းချင်းတီးတိုးဆွေးနွေးနေကြတယ်လို့ တပ်သားနိုင်ခန့်ကျော်က ဆိုပါတယ်။

​စစ်ကော်မရှင်တပ်ရင်းတွေမှာ WY စိတ်ကြွဆေးပြားတွေကိုအရာရှိတွေကိုယ်တိုင် ဖြန့်ဖြူးရောင်းချနေ

​Border News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၅။ ​စစ်ကော်မရှင်တပ်ရင်းတွေအတွင်းမှာ WY စိတ်ကြွရူးသွပ်ဆေးပြားတွေကို အရာရှိတွေကိုယ်တိုင် စစ်မှုထမ်းလူငယ်တွေကို ပြန်လည်ဖြန့်ဖြူးရောင်းချနေတယ်လို့ အာရက္ခတပ်တော် (AA) ဆီအလင်းဝင်လာတဲ့ တပ်သားနိုင်ခန့်ကျော်က ဆိုပါတယ်။ ​အဲဒီစစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၇၄ မိခင်တပ်ရင်းမှာ မွမ်းမံသင်တန်းတက်ရောက်စဉ်အတွင်း တပ်ရင်းရှိအရာရှိကြီးတွေကိုယ်တိုင် မူးယစ်ဆေးဝါးသုံးစွဲနေကြသလို သင်တန်းသားတွေကိုလည်း ပြန်လည်ရောင်းချနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ​"ကျွန်တော်တို့ သင်တန်းသားတွေက အပြင်ထွက်လို့မရဘူး။ ဒီဆေးတွေက ဘယ်ကလာလဲဆိုတာစဉ်းစားစရာပဲ။ ညနေပိုင်းဆို အိမ်သာတွေမှာမူးယစ်ဆေးနံ့တွေ မတရားနံနေတယ်။" လို့ တပ်သားနိုင်ခန့်ကျော်က တပ်တွင်းအခြေအနေကို ပြောပြပါတယ်။ ​အဲဒီအပြင် မြေလတ်ဒရုန်းတပ်ဖွဲ့သို့ ရောက်ရှိချိန်မှာလည်း တပ်တွင်းရှိဗိုလ်ကြီးတွေက စစ်မှုထမ်း​ပြည်သူ့စစ်လူငယ်တွေကို WY ဆေးပြားတွေအတင်းအဓမ္မရောင်းချခဲ့ပြီး "ဒီဆေးကရှေ့တန်းစစ်မျက်နှာမှာ ကောင်းတယ်။ မဖြစ်မနေဆောင်ထားရမယ်ဆိုပြီး" တိုက်တွန်းပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ ​အဲဒီ မူးယစ်ဆေးဝါးတွေကို ပဒါန်းမြို့ကနေတပ်ကြပ်ကြီးတဦးက ဆိုင်ကယ်နဲ့လာရောက်ပို့ဆောင်ပေးတာဖြစ်ပြီး  မြေလတ်ရှိဗိုလ်ကြီးတွေကတစ်ဆင့် တပ်မ ၁၀၁ က အရာရှိတွေကိုပါ ပြန်ပြီးရောင်းချနေတာလို့ ဆိုပါတယ်။ အဲဒီတပ်ရင်းတွေအတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေဟာ အလွန်အမင်းကျယ်ပြန့်နေတာကြောင့် စစ်တပ်နဲ့မတူဘဲ မူးယစ်ဆေးဝါးအရောင်းအဝယ်စင်တာတခုလိုဖြစ်နေသလို ဆေးသုံးစွဲမှုလွန်ကဲပြီး ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်သတ်သွားတဲ့ တပ်ကြပ်တဦးရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်သွားတဲ့ ရခိုင်လူငယ်ဆယ့်သုံးဦးကို ပွဲစားကငွေယူပြီးရောင်းစား

​Border News Agency အမ်း၊ ဖေဖော်ဝါရီ ၅။ အာရက္ခဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေချိန်မှာ ရန်ကုန်သို့ဆေးကုသဖို့နဲ့ ကျောင်းတက်ဖို့သွားရောက်ကြတဲ့ ရခိုင်လူငယ်ဆယ့်သုံးဦးကို ပွဲစားကစစ်ကော်မရှင်တပ်နဲ့ပူးပေါင်းပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပါတယ်။ အဲဒီအာရက္ခတပ်တော် (AA) ဆီ အလင်းဝင်လာတဲ့ စကခ ၁၇၊ ခမရ ၅၇၄ မှ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရခိုင်မှရန်ကုန်သို့ခိုးထွက်ခဲ့ကြတဲ့ အမျိုးသားကိုးဦးနဲ့ အမျိုးသမီးလေးဦး၊ စုစုပေါင်းလူငယ်ဆယ့်သုံးဦးဟာ ပွဲစားရဲ့လိမ်လည်မှုကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီလူငယ်တဦးကို ငွေကျပ်ဆယ့်ခုနှစ်သိန်းစီပေးခဲ့ရပြီး ပွဲစားဖြစ်သူကလမ်းခရီးမှာ ဘာမှမဖြစ်စေရဘူးလို့အာမခံခဲ့သလို ရန်ကုန်သွားမယ့်ဂိတ်တွေမှာပြသဖို့အတွက်ဆိုကာ လူငယ်တွေရဲ့ဓာတ်ပုံတွေကို တဦးချင်းစီရိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။ ​ဒါပေမယ့် အဲဒီလူငယ်တွေဟာ မင်္ဂလာဦးရွာကနေ ဆီရွာကိုရောက်ရှိချိန်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီး ကန်ဘားမြို့ရှိစစ်ကော်မရှင်ရဲ့ စုဆောင်းရေးစခန်းသို့ အတင်းအဓမ္မအပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ​အဲဒီဖမ်းဆီးခံရသူတွေထဲက အမျိုးသားငါးဦးကို စစ်မှုထမ်းဥပဒေနဲ့ညီညွတ်တယ်ဆိုပြီး သီးသန့်ဖယ်ထုတ်ကာ စုဆောင်းရေးစခန်းမှာ တလကြာပိတ်လှောင်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစခန်းမှာ လူငယ်တွေရဲ့ဖုန်းတွေနဲ့ ငွေကြေးတွေကိုပါသိမ်းဆည်းခဲ့ပြီး ထွက်ပြေးရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်ကာ  လေဝင်ပေါက်တောင်မရှိတဲ့ အချုပ်ခန်းပုံစံအခန်းတွေမှာ ထားထားခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီအထူးသဖြင့် တပ်သားနိုင်ခန့်ကျော်ဟာ ကျောက်ကပ်ဝေဒနာရှင်ဖြစ်ပြီး ဆေးစစ်မှုမအောင်ပေမယ့် စစ်ကော်မရှင် အရာရှိတွေက ဆရာဝန်တွေကိုလာဘ်ပေးကာ ဆေးအောင်ကြောင်း လက်မှတ်အတုပြုလုပ်ပြီး စစ်သင်တန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ လက်ရှိမှာရှေ့တန်းစစ်မျက်နှာသို့ အပို့ခံရစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အာရက္ခတပ်တော်ဆီသို့ အလံဖြူထောင်အလင်းဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်

ဘန်နာမှာလျှပ်စစ်ကေဘယ်မြောင်းတူးစဉ် မြေပြိုပြီး မြန်မာလုပ်သားတဦးသေဆုံး

​Border News Agency မဲဆောက်၊ဖေဖော်ဝါရီ ၅။ ဘန်ကောက်မြို့၊ ဘန်နာခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မြေအောက်လျှပ်စစ်ကေဘယ်မြောင်းတူးဖော်နေစဉ်  မြေပြိုမှုဖြစ်ပွားပြီး မြန်မာလုပ်သားတဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။ အဲဒီသုခမွတ်လမ်းမကြီးပေါ်ရှိ ဘန်နာ BTS ဘူတာအနီးမှာ ဖေဖော်ဝါရီလ ၄ ရက်၊ ည ၁၁ နာရီကျော်အချိန်ဖြစ်ပွားခဲ့တာပါ။ အဲဒီ မြေအောက်လျှပ်စစ်ကေဘယ်မြောင်းဟာအနက် ၁၀ မီတာခွဲကျော်ရှိပြီး ကေဘယ်ကြိုးသွယ်တန်းမယ့် ကျင်းကြီးအတွင်းမြေညှိနေစဉ် ရုတ်တရက်မြေပြိုကျခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီမြေပြိုမှုကြောင့် အသက်သုံးဆယ်နှစ်အရွယ် မြန်မာအလုပ်သမား မစ္စတာဝေအယ် (Mr. Wai A Le) ဟာ မြေစာတွေနဲ့ ရွှံ့နွံတွေအောက်ပိတ်မိပြီး သေဆုံးသွားခဲ့တာပါ။ ကယ်ဆယ်ရေးအဖွဲ့တွေက ဝန်ချီစက်နဲ့ကြိုးတွေကိုအသုံးပြုကာ ခက်ခဲစွာဆွဲတင်ခဲ့ရပြီး ဖေဖော်ဝါရီ ၅ ရက်၊ မနက်အစော၂ နာရီအချိန်ခန့်က ရုပ်အလောင်းကို ဆွဲတင်နိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းခွင်ရှိ အလုပ်သမားတွေရဲ့ပြောကြားချက်အရ ဘက်ဟိုးစက်နဲ့ကျင်းတူးပြီးနောက် အောက်ခြေမှာမြေညှိဖို့ ဆင်းသွားချိန်မှာ လမ်းဘေးမြေနံရံက ရုတ်တရက်ပြိုကျလာတာဖြစ်ပြီး တခြားသူတွေအချိန်မီလွတ်မြောက်ခဲ့ပေမယ့်  မစ္စတာဝေအယ်ကတော့ ပိတ်မိသွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီသေဆုံးသူဟာ မြေပိပြီးအသက်ရှူကျပ်ကာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆေးရုံစစ်ဆေးချက်တွေက အတည်ပြုထားပါတယ်။ အဲဒီဘန်နာရဲစခန်းက လုပ်ငန်းခွင်ကြီးကြပ်သူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးနေပြီး လုပ်ငန်းခွင်အတွင်း လုံခြုံရေးအကာအရံ (Safety Shoring) တွေ ထည့်သွင်းထားခြင်းမရှိဘဲ ပေါ့ဆမှုကြောင့်သေဆုံးရတာဆိုရင် ဥပဒေအရအရေးယူသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ​မော်လိုက်ခရိုင် PDF တပ်ရင်း

​မော်လိုက်ခရိုင် PDF တပ်ရင်း ၃ က ကျဆုံးရဲဘော်မိသားစုဝင်တွေကို ထောက်ပံ့ငွေပေးအပ်

​Border News Agency မော်လိုက်၊ ဖေဖော်ဝါရီ ၄။ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်အတွင်းရှိ PDF ရဲဘော်တွေနဲ့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ကျဆုံးရဲဘော်တွေအတွက် ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ အမှတ် ၃ တပ်ရင်းက ဖေဖောဝါရီလ ၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး ကျဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေကို  တတ်စွမ်သလောက်ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ ကျဆုံးရဲဘော်တွေကိုရည်စူးပြီး အမျှအတန်းပေးဝေတာနဲ့ ဆုတောင်းပေးတာတွေပြုလုပ်ခဲ့သလို ဧည့်ခံကျွေးမွေးမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီထဲကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့လည်း ကျဆုံးသွားတဲ့အာဇာနည်တွေကို အစဉ်သတိရဦးညွှတ်နေမှာဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ်အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ကတိပြုထားပါတယ်။

Page 21 of 38 1 20 21 22 38

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here