Border News Agency
အမ်း၊ ဖေဖော်ဝါရီ ၅။
အာရက္ခဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေချိန်မှာ ရန်ကုန်သို့ဆေးကုသဖို့နဲ့ ကျောင်းတက်ဖို့သွားရောက်ကြတဲ့ ရခိုင်လူငယ်ဆယ့်သုံးဦးကို ပွဲစားကစစ်ကော်မရှင်တပ်နဲ့ပူးပေါင်းပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပါတယ်။
အဲဒီအာရက္ခတပ်တော် (AA) ဆီ အလင်းဝင်လာတဲ့ စကခ ၁၇၊ ခမရ ၅၇၄ မှ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရခိုင်မှရန်ကုန်သို့ခိုးထွက်ခဲ့ကြတဲ့ အမျိုးသားကိုးဦးနဲ့ အမျိုးသမီးလေးဦး၊ စုစုပေါင်းလူငယ်ဆယ့်သုံးဦးဟာ ပွဲစားရဲ့လိမ်လည်မှုကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီလူငယ်တဦးကို ငွေကျပ်ဆယ့်ခုနှစ်သိန်းစီပေးခဲ့ရပြီး ပွဲစားဖြစ်သူကလမ်းခရီးမှာ ဘာမှမဖြစ်စေရဘူးလို့အာမခံခဲ့သလို ရန်ကုန်သွားမယ့်ဂိတ်တွေမှာပြသဖို့အတွက်ဆိုကာ လူငယ်တွေရဲ့ဓာတ်ပုံတွေကို တဦးချင်းစီရိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီလူငယ်တွေဟာ မင်္ဂလာဦးရွာကနေ ဆီရွာကိုရောက်ရှိချိန်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီး ကန်ဘားမြို့ရှိစစ်ကော်မရှင်ရဲ့ စုဆောင်းရေးစခန်းသို့ အတင်းအဓမ္မအပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေထဲက အမျိုးသားငါးဦးကို စစ်မှုထမ်းဥပဒေနဲ့ညီညွတ်တယ်ဆိုပြီး သီးသန့်ဖယ်ထုတ်ကာ စုဆောင်းရေးစခန်းမှာ တလကြာပိတ်လှောင်ထားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစခန်းမှာ လူငယ်တွေရဲ့ဖုန်းတွေနဲ့ ငွေကြေးတွေကိုပါသိမ်းဆည်းခဲ့ပြီး ထွက်ပြေးရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်ကာ လေဝင်ပေါက်တောင်မရှိတဲ့ အချုပ်ခန်းပုံစံအခန်းတွေမှာ ထားထားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအထူးသဖြင့် တပ်သားနိုင်ခန့်ကျော်ဟာ ကျောက်ကပ်ဝေဒနာရှင်ဖြစ်ပြီး ဆေးစစ်မှုမအောင်ပေမယ့် စစ်ကော်မရှင် အရာရှိတွေက ဆရာဝန်တွေကိုလာဘ်ပေးကာ ဆေးအောင်ကြောင်း လက်မှတ်အတုပြုလုပ်ပြီး စစ်သင်တန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ လက်ရှိမှာရှေ့တန်းစစ်မျက်နှာသို့ အပို့ခံရစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အာရက္ခတပ်တော်ဆီသို့ အလံဖြူထောင်အလင်းဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။






