Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၂၁။
မြန်မာနိုင်ငံမှာ 5G စနစ်တွေကို မကြာမီကာလအတွင်း စတင်အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသက်ဝင်းအောင်က စက်တင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲတခုမှာ ပြောခဲ့ပါတယ်။
စမ်းချောင်းမြို့နယ်၊ ဟံသာဝတီရုံးမှာ မိုဘိုင်းတယ်လီဖုန်းအော်ပရေတာတွေနဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကတာဝန်ရှိသူတွေကို တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ထမ်းတွေကိုလည်း နည်းပညာစနစ်တွေနဲ့ သင်တန်းတွေပေးနေတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းတွေကို မကြာခဏဖြတ်တောက်တာ၊ လူမှုကွန်ရက်နဲ့ဝဘ်ဆိုက်တွေကို ပိတ်ပင်ထားတာအပြင် အင်တာနက်နဲ့ ဖုန်းခေါ်ဆိုခကုန်ကျစရိတ်တွေကိုပါ အဆမတန်တိုးမြှင့်ကောက်ခံနေတာကြောင့် ပြည်သူတွေအခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတာပါ။
အဲဒီအပြင် နိုင်ငံတဝှမ်းလျှပ်စစ်မီးပုံမှန်မရရှိတာ၊စစ်တပ်ရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ နေ့စဥ်ရက်ဆက်လိုင်းမကောင်းတာတွေကြောင့် 5G စနစ်စတင်မယ်လို့ ပြောဆိုထားပေမဲ့ မြေပြင်မှာအမှန်တကယ်အသုံးပြုနိုင်ဖို့ကတော့ စိန်ခေါ်မှုတွေများပြားနေဆဲလို့ ပြည်သူတွေကဝေဖန်ထားကြပါတယ်။









