Border News Agency
ဝီရဌာနီ၊စက်တင်ဘာ ၂၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့နယ်၊တောင်ဖူးကျေးရွာကို စက်တင်ဘာလ ၂၁ ရက်၊ဒီနေ့အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးပြီး တဦးဒဏ်ရာရသွားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ကျွဲထိုးပြင်ကျေးရွာမှ တောင်ဖူးကျေးရွာသို့ အလည်ရောက်ရှိနေတဲ့ အသက်သုံးဆယ်နှစ်နှစ်အရွယ် ဒေါ်ဝင်းမြတ်အေးသေဆုံးခဲ့ပြီး တောင်ဖူးကျေးရွာမှ အသက်လေးဆယ်သုံးနှစ်အရွယ် ဒေါ်အေးခင်သိန်းဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီတောင်ဖူးကျေးရွာကို ဒီနေ့ ည ၁၂ နာရီ ၂၅ မိနစ်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းမှ ဗုံးဆယ်လုံးနဲ့ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ဒေါ်ဝင်းမြတ်အေးရဲ့ ဦးခေါင်းမှာ ဒဏ်ရာပြင်းပြင်းရသွားခဲ့တာကြောင့် ဆေးကုသနေချိန်သေဆုံးခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ဆပ်သွားကျေးရွာကိုလည်း ဒီနေ့ မနက် ၁၁ နာရီခွဲအချိန်ကလေကြောင်းတိုက်ခိုက်လို့ အသက်ဆယ့်လေးနှစ်အရွယ်အဋ္ဌမတန်းကျောင်းသား မောင်ဇွဲထက်အောင်နဲ့ အသက်လေးဆယ်လေးနှစ်အရွယ်ဦးနေလင်းအောင်တို့ ဒဏ်ရာရသွားခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေရှိ အရပ်သားနေထိုင်တဲ့နေရာတွေကို တမင်တကာရွယ်ရည်ချက်ရှိရှိ လေကြောင်း၊လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်နေတာဖြစ်ပါတယ်။










