Border News Agency
ဘင်္ဂလားဒေ့ရှ်၊ နိုဝင်ဘာ ၆။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့စ်ဘဇားခရိုင် တက်ကနက်မြို့နယ်မှာ မလေးရှားကို တရားမဝင် ထွက်ခွာဖို့ ပြင်နေတဲ့ မွတ်ဆလင် ဒုက္ခသည် တရာ့နှစ်ဆယ်ခန့်ကို သွားရောက်ကယ်တင်တဲ့ ပူးတွဲစစ်ဆင်ရေးအတွင်း လူကုန်ကူးသူတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ စစ်သည်တဦး သေဆုံးသွားပါတယ်။
အဲဒီစစ်ဆင်ရေးကို တပ်မတော်၊ နယ်ခြားစောင့်တပ် (BGB) နဲ့ ရဲတပ်ဖွဲ့ဝင်ခြောက်ဆယ်သုံးဦး ပါဝင်တဲ့ ပူးတွဲအဖွဲ့က နိုဝင်ဘာလ ၅ ရက်၊နေ့လည် ၃ နာရီခွဲအချိန်မှာ နာယာပါရာ (Nayapara)ဒေသအတွင်း စတင် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ခြေလျင်တပ်မ (၁၀)က ထုတ်ပြန်ထားပါတယ်။
တောနက်အတွင်း ဒုက္ခသည်တွေကို စုစည်းထားပြီး ပင်လယ်ရေကြောင်းကနေ မလေးရှားသို့ တရားမဝင် ပို့ဆောင်ဖို့ ပြင်ဆင်နေတဲ့ လူကုန်ကူးသူတွေကို ညနေ ၅ နာရီခန့်မှာ ဝင်ရောက်စီးနင်း ဝိုင်းရံစဉ် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ထိတွေ့တိုက်ခိုက်မှုအတွင်း ဘင်္ဂလားဒေ့ရှ် ခြေလျင်တပ်ရင်း (၁) မှ စစ်သည် တီတပ်စ် (Titas) မှာ ပခုံးအနီး သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ရာမူ (Ramu) ပူးတွဲစစ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
အဲဒီကူညီကယ်ဆယ်ထားတဲ့ ဒုက္ခသည်တွေကို လိုအပ်သလို စိစစ်နေပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ လူကုန်ကူးသူတွေကို ဖမ်းဆီးရမိရေးအတွက် နနယ်မြေအတွင်း ပိတ်ဆို့ ရှာဖွေမှုတွေ ဆက်လက် ဆောင်ရွက်နေပါတယ်။






