Border News Agency
ဂွ၊စက်တင်ဘာ ၂၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာကို စက်တင်ဘာလ ၂၁ ရက်၊ဒီနေ့ မနက်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားတဦးအပါအဝင် အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဆပ်သွားကျေးရွာမှ အသက်ဆယ့်လေးနှစ်အရွယ်အဋ္ဌမတန်းကျောင်းသား မောင်ဇွဲထက်အောင်နဲ့ အသက်လေးဆယ်လေးနှစ်အရွယ်ဦးနေလင်းအောင်တို့ ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး လက်ရှိမှာဆေးကုသမှုခံယူနေရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ မနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က ဆပ်သွားကျေးရွာကို ရွယ်ရည်ချက်ရှိရှိလေကြောင်းမှ ပေါင် ၃၀ဝ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့သလို လူနေအိမ်တလုံး၊ဆိုင်ခန်းသုံးခန်းပျက်စီးသွားခဲ့သလို မွေးမြူရေးဆိတ်နှစ်ကောင်လည်း သေဆုံးသွားခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေရှိ အရပ်သားနေထိုင်တဲ့နေရာတွေကို တမင်တကာရွယ်ရည်ချက်ရှိရှိ လေကြောင်း၊လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်နေတာဖြစ်ပါတယ်။











