Border News Agency
ချင်းမိုင်၊ နိုဝင်ဘာ ၅။
ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊ စုထေ့မြို့နယ်ရှိ ၊ စားသောက်ဆိုင်တဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ဥပဒေနဲ့မညီတဲ့အတွက် အရေးယူခဲ့တယ်လို့ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။
စုထေ့မြို့နယ်ရှိလုပ်ငန်းခွင်တွေကို နိုဝင်ဘာလ ၄ ရက်နေ့မှာ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေး စုံစမ်းစစ်ဆေးရေးအရာရှိတွေနဲ့ အလုပ်အကိုင်ရှာဖွေရေးရုံးတာဝန်ရှိသူတွေက ရှာဖွေစစ်ဆေးခဲ့တာပါ။
အဲဒီလိုစစ်ဆေးရာမှာ မြန်မာနိုင်ငံသားနှစ်ဦးထဲက တဦးကို ခွင့်ပြုချက်ထက် ပိုမိုအလုပ်လုပ်ကိုင်တဲ့အတွက်အရေးယူခဲ့ပြီး တဦးကတော့ အလုပ်လုပ်ကိုင်ခွင့်ကတ်ရှိပေမယ့် အလုပ်စတင်တဲ့နေ့ကနေ ၁၅ ရက်အတွင်း မှတ်ပုံတင်အရာရှိဆီအကြောင်းကြားဖို့ ပျက်ကွက်မှုနဲ့ အရေးယူခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ အဲဒီဆိုင်မှာ တလကနေခုနှစ်လဝန်းကျင်ထိအလုပ်လုပ်ကိုင်နေတယ်လို့ ဝန်ခံကြပြီး ဥပဒေအရ အရေးယူဖို့ ရဲစခန်းဆီလွှဲပြောင်းထားပါတယ်။
ချင်းမိုင်မြို့မှာ နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ညဈေး အထည်ဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတဦးကို ဥပဒေနဲ့မညီတဲ့အတွက်အရေးယူခဲ့ပါတယ်။








