Border News Agency
ဘန်ကောက်၊ နိုဝင်ဘာ ၄။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ဘန်ဘွန်မြို့နယ်ရှိ ကုန်ပစ္စည်းဂိုဒေါင်တခုကို နိုဝင်ဘာလ ၃ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေဝင်ရောက်စစ်ဆေးရာ ပစ္စည်းအတုတွေထုပ်ပိုးနေတဲ့ မြန်မာအလုပ်သမားရှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီဂိုဒေါင်အတွင်းမှာ TikTok နဲ့ Shopee တို့ကနေတဆင့် အွန်လိုင်းက ရောင်းချဖို့ ပြင်ဆင်ထားတဲ့ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်နဲ့ရေမွှေးအတု ရေတွက် တသောင်းငါးထောင်ကျော်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကုန်အမှတ်တံဆိပ် ပိုင်ရှင်ဖြစ်တဲ့ P&G ကုမ္ပဏီ ကိုယ်စားလှယ်တွေရဲ့ သတင်းပေးပို့ချက်အရ မူပိုင်ခွင့်ဌာနနဲ့ ရဲတပ်ဖွဲ့တို့ ပူးတွဲဝင်ရောက် စစ်ဆေးခဲ့တာဖြစ်ပြီး ဂိုဒေါင်ပိုင်ရှင် တရုတ်နိုင်ငံသားကတော့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။
ဖမ်းဆီးရမိထားတဲ့ မြန်မာလုပ်သား ရှစ်ဦးနဲ့ တရုတ်နိုင်ငံသား တဦးတို့ကို ဘန်ဘွန်ရဲစခန်းသို့ ခေါ်သွားပြီး ထွက်ပြေးလွတ်မြောက်နေသူ ဂိုဒေါင်ပိုင်ရှင်ကိုလည်း ဖမ်းဝရမ်းထုတ်သွားမယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။













