Border News Agency
ကျောက်ဖြူ၊ နိုဝင်ဘာ ၄။
အာဏာသိမ်းစစ်ကောင်စီရဲ့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဟိုးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိဟာ နိုဝင်ဘာလ ၃ ရက်နေ့က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စတွေကို ပေကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ပေကျင်းမြို့မှာ ကျင်းပတဲ့ (၁၁) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတက်ရောက်ဖို့ ရောက်ရှိနေချိန် အာဏာသိမ်းစစ်တပ်ဝန်ကြီးနဲ့မစ္စတာဝမ်ယိတွေ့ဆုံခဲ့ကြတာပါ။
အဲဒီမှာတရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားမှာဖြစ်သလို တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ဖိတ်ခေါ်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တွေကိုလည်း ပူးတွဲတိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကလည်း စီးပွားရေးစင်္ကြံရဲ့ အဓိက စီမံကိန်းတွေကို တည်ငြိမ်စွာ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းနဲ့ စွမ်းအင်၊ သဘာဝသယံဇာတ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေလိုတယ်လို့ ပြောတာပါ။
အဲဒီအပြင် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးနိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်က ထိရောက်တဲ့ အစီအမံတွေ ကျင့်သုံးဆောင်ရွက်ပေးဖို့ မျှော်လင့်ကြောင်းလည်း မစ္စတာဝမ်ယိက တိုက်တွန်းပါတယ်။






