Border News Agency
ဘူးသီးတောင်၊ နိုဝင်ဘာ ၄။
ဂမ်ဘီယာနဲ့မြန်မာနိုင်ငံရဲ့ ဂျီနိုဆိုက်အမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာတရားရုံး (ICJ)က ချမယ့်အမိန့်ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံတွေထောက်ခံလေးစားကြဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တိုက်တွန်းလိုက်ပါတယ်။
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ရှင်းပြစဉ် IIMM အကြီးအကဲကပြောတာပါ။
IIMMဟာ ICJ မှာ ကြားနာစစ်ဆေးခဲ့တဲ့ အမှုအတွက် နှစ်ဘက်အမှုသည်တွေဆီ အထောက်အထားတွေ မျှဝေပေးခဲ့ပြီးအမှုဆုံးဖြတ်ချက်ကိုလည်း တရားရုံးကကြားသိရတော့မယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံး ICJ ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လို သက်ဝင်လှုပ်ရှားစေမလဲဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းက ထည့်သွင်းစဉ်းစားဖို့ အရေးကြီးတယ်လို့လည်း ထောက်ပြထားတာပါ။
တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်လိုပဲ ဖြစ်ခဲ့ပါစေ အဖွဲ့ဝင်နိုင်ငံတွေဟာ ဆုံးဖြတ်ချက်ကို ထောက်ခံဖို့၊ အဖွဲ့အစည်းတွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုဖို့နဲ့ နိုင်ငံတကာတရားရုံးဆိုတဲ့ အင်စတီကျူးရှင်းကို လေးစားမှုရှိဖို့ မျှော်လင့်ကြောင်းလည်း နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။






