Border News Agency
ထိုင်း၊ နိုဝင်ဘာ ၅။
ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲကနိုင်ငံကူးလက်မှတ် သက်တမ်း နှစ်နှစ်ကနေ ငါးနှစ်အတွင်း ပြတ်တောက်နေသူတွေအနေနဲ့ သက်တမ်းပြတ် ဒဏ်ကြေး ဘတ် ၅၅၀ ပေးဆောင်ရမယ်လို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက နိုဝင်ဘာလ ၅ ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားရာမှာ သက်တမ်းပြတ် ဒဏ်ကြေး ကောက်ခံတာတွေကို နိုဝင်ဘာလ ၆ ရက်နေ့က စတင်ပြီး ပြောင်းလဲ သတ်မှတ်သွားမှာဖြစ်ကြောင်း ကြေညာထားတာပါ။
အဲဒီအပြင် နိုင်ငံကူးလက်မှတ် သက်တမ်း ငါးနှစ်နဲ့အထက် ပြတ်တောက်နေရင်တော့ သက်
တမ်းတိုးတာကို မြန်မာနိုင်ငံမှာ ပြန်လည် ဆောင်ရွက်နိုင်ဖို့အတွက် တကြိမ်တခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကို လျှောက်ထားရမယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ သံရုံးမှာ ပတ်စပို့ သက်တမ်းတိုးတဲ့အခါ ဝင်ငွေခွန် ပေးဆောင်ရတာ၊ အစစ်အဆေး ကြမ်းတာနဲ့ အချိန်ကြန့်ကြာမှုတွေကြောင့် ပတ်စပို့ သက်တမ်းပြတ်တောက်သူ ပိုများလာနေတာ ဖြစ်ပါတယ်။
အထူးသဖြင့် အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားဟာ သံရုံးကို သွားရောက် သက်တမ်းတိုးဖို့ စိုးရိမ်နေကြရပြီး ခုလို ဒဏ်ကြေး ပုံစံသစ်နဲ့ ပြည်တော်ပြန် CI လက်မှတ် ထုတ်ပေးမယ့် မူဝါဒတွေကြောင့် ရွှေ့ပြောင်းလုပ်သားတွေအပေါ် ပိုပြီး ဖိအားဖြစ်စေတယ်လို့ မြေပြင် ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်သူတွေကသုံးသပ်ကြပါတယ်။










