Border News Agency
ရန်ကုန်၊ နိုဝင်ဘာ ၅။
မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို (UNESCO) က ပဏာမ အသိအမှတ်
ပြုလိုက်ပြီဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်ရဲ့ ပြောပါတယ်။
မြန်မာ့သနပ်ခါး လိမ်းခြယ်တဲ့ဓလေ့ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ ၂၀၂၀ ခုနှစ်ကတည်းက စတင်တင်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီမတိုင်မီလိုအပ်တဲ့ အချက်အလက်တွေကို ပြန်လည်ရေးသားကာ ၂၀၂၅ ခုနှစ်၊ မတ်လမတိုင်မီ ပြန်လည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီသနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အတည်ပြုနိုင်ရေးအတွက် လာမယ့် နိုဝင်ဘာလ ၃၀ ရက်ကနေ ဒီဇင်ဘာလ ၅ ရက်ထိ တရုတ်နိုင်ငံ ရှမန်မြို့မှာကျင်းပမယ့် အစည်းအဝေးမှာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ ယူနက်စကို သုံးသပ်အကြံပြုအဖွဲ့က ပဏာမအဆင့် ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
ခု တင်သွင်းမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ လှုပ်ရှားဆောင်ရွက်မှု အထောက်အထားတွေ၊ စာတမ်းတွေနဲ့ မှတ်တမ်းရုပ်ရှင်တွေကို ပါဝင်တင်သွင်းထားပြီး၊ ရှေ့ဆက်ပြီးတော့လည်း လက်ဖက်စားသုံးတဲ့ဓလေ့၊ ခြင်းလုံးကစားနည်းနဲ့ ရိုးရာလွန်းရာကျော်ချိတ် စတဲ့ ဓလေ့တွေကိုလည်း ယူနက်စကို စာရင်းဝင် ဖြစ်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။






